ဧရာဝတီတိုင်း ငါးသိုင်းချောင်းတွင် ရေဘေးအလှူသွားလှေမှောက်၍ ၃ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။

ဧရာဝတီတိုင်းအတွင်း ရေကြီးရေလျှံမှုများ ဆက်လက်ပြင်းထန်နေချိန် ငါးသိုင်းချောင်း-အိုင်သပြု လမ်းပိုင်း၌ ရေဘေးအလှူသွားသည့် လှေတစ်စီး တိမ်းမှောက်ခဲ့ရာ ပျောက်ဆုံးနေသူ အမျိုးသား ၃ ဦး၏ ရုပ်အလောင်း များကို စက်တင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်တွေ့ရှိခဲ့သည်။

ထို့ကြောင့် ငါးသိုင်းချောင်းမြို့နယ်သည် တိုင်းအတွင်း ရေဘေးကြောင့် လူသေဆုံးမှု အများဆုံးဒေသ ဖြစ်လာခဲ့ သည်။

ကျက်ကွင်းကျေးရွာမှ အဆိုပါ အမျိုးသား ၃ ဦးသည် ဩဂုတ်လ ၃၀ ရက်နေ့၊ ညပိုင်းက ရေမြုပ်နေသည့် လမ်းပိုင်းအတိုင်း လှေဖြင့် ထွက်ခွာသွားရာမှ ဩဂုတ်လ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် လှေမျော ပါတိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။

ကယ်ဆယ်ရေးအဖွဲ့များ၏ ရှာဖွေမှုကြောင့် ဩဂုတ်လ ၃၁ ရက်တွင် ၁ ဦးနှင့် စက်တင်ဘာလ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် ကျန် ၂ ဦး၏ ရုပ်အလောင်းများကို ပြန်လည်ဆွဲထုတ်နိုင်ခဲ့သည်။

ဒေသခံ ရေဘေးကူညီရေး လုပ်ဆောင်နေသူတစ်ဦးက လမ်းက ရေမြုပ်နေတော့ ကားရော ဆိုင်ကယ်ပါ သွား လို့မရဘူး။ ဝါးဖောင်တွေ၊ စက်လှေတွေနဲ့ပဲ သွားနေကြရတာ။ ရေစီးကလည်း သေမတတ် သန်တော့ လှေ မှောက်ရင် လွတ်ဖို့ မလွယ်ဘူး။ ဩဂုတ် ၃၁ ရက်က ၁ ဦး၊ ဒီနေ့မှ ကျန် ၂ ဦးရဲ့ အလောင်းကို ရှာတွေ့တာပါ” ဟု ပြောသည်။

ငါးသိုင်းချောင်းမြို့တွင် ဩဂုတ်လ ၁၈ ရက်နှင့် ၁၉ ရက်တို့၌ ရေနစ်သေဆုံးသူ ၂ ဦး ရှိခဲ့သည့်အပြင် ဩဂုတ်လ ၂၇ ရက် ညပိုင်းကလည်း ရွာသစ်ကုန်းတံတားအနီး လှေတစ်စီး တိမ်းမှောက်ခဲ့၍ အမျိုးသား ၁ ဦး သေဆုံးခဲ့သေး သည်။

ထို့ကြောင့် လက်ရှိတွင် ငါးသိုင်းချောင်းမြို့နယ်၌ ရေဘေးကြောင့် သေဆုံးသူ ၆ ဦးအထိ မြင့်တက်လာခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့က လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာ ကျိုးကျခဲ့ပြီးနောက် လေးမျက်နှာ၊ ဟင်္သာတ၊ ရေကြည်၊ ကျုံပျော်၊ ငါးသိုင်းချောင်း၊ ကျောင်းကုန်း၊ ပန်းတနော်နှင့် အသုတ်မြို့နယ်တို့တွင် ရေကြီး ရေလျှံမှုများ စက်တင်ဘာလ ၂ ရက်နေ့အထိ ဖြစ်ပွားနေခြင်းဖြစ်သည်။

စက်တင်ဘာလ ၁ ရက်နေ့အထိ စာရင်းများအရ ရေကြည်၊ လေးမျက်နှာ၊ ဟင်္သာတနှင့် ငါးသိုင်းချောင်း မြို့နယ် များအတွင်း ရေဘေးကြောင့် သေဆုံးသူ ၁၅ ဦးထက်မနည်း ရှိလာပြီး ၅ ဦးထက်မနည်း ပျောက်ဆုံးနေဆဲ ဖြစ်သော်လည်း စစ်အုပ်စုတပ်ဘက်မှ တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ဒေသခံတစ်ဦးက အခုထိ မိုးက သည်းတုန်း၊ ရေက တက်တုန်းပဲ။ အိမ်တွေရော စိုက်ခင်းတွေရော ရေမြုပ် နေတာ ရက်တော်တော်ကြာနေပြီ။ တစ်လလောက်တောင် ရှိလာတော့မယ်။ အကူအညီတွေလည်း အများကြီး လိုနေသလို ရေကြောင်းသွားလာရေးကလည်း သတိထားနေရတယ် ဟု ပြောသည်။

လက်ရှိတွင် အနောက်တောင်မုတ်သုံလေ အားကောင်းနေခြင်းနှင့် လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် စက်တင်ဘာလဆန်းပိုင်းတွင် မိုးဆက်လက်ကြီးနိုင်သဖြင့် ရေဘေးအန္တရာယ်ကို အထူးသတိပြုကြရန် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန (MoSLHA) က နှိုးဆော်ထုတ်ပြန်ထားသည်။

ဓါတ်ပုံ – (မြန်မာနိုင်ငံ လူမှုကယ်ရေးအဖွဲ့ – မန္တလေး / ရေနစ်သေဆုံးသူများ၏ ရုပ်အလောင်း)