ကျောက်တော်၌ ၁၄ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်သူကို အေအေ ဖမ်းဆီး၍ တရားစွဲဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်။
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့်ပြီး ၂ လ ကျော်ကြာ ထွက်ပြေးလွတ်မြောက်နေသည့် တရားခံကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) က ဖမ်းဆီးရမိခဲ့ပြီး မြောက်ဦးခရိုင် တရားရုံးသို့ တရားစွဲဆို တင်ပို့လိုက်ပြီဖြစ်သည်။
အဆိုပါ ဖြစ်စဉ်မှာ ဧပြီလ ၇ ရက်နေ့က ကျောက်တော်မြို့နယ်၊ ရမ်းချောင်းတောအတွင်းရှိ ဥယျာဉ်ခြံ၌ ဖြစ်ပွားခဲ့ ခြင်းဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နေသူ ခြံပိုင်ရှင် အသက် ၅၅ နှစ်အရွယ် ဦးမောင်အေးလှ အား အာရက္ခတပ် တော် (AA) နှင့် DLEPS တပ်ဖွဲ့များက ဇူလိုင်လ ၃၀ ရက်နေ့တွင် ဖမ်းဆီးခဲ့ကာ ဩဂုတ်လ ၂၈ ရက်နေ့၌ တရားစွဲ ဆိုခဲ့ခြင်း ဖြစ်သည်။
အေအေနှင့် နီးစပ်သူတစ်ဦးက “မြောက်ဦးခရိုင် တရားရုံးမှာ တရားစွဲဆိုလိုက်တာလို့သိရတယ်၊ လူပြောများနေ တယ်။ မီဒီယာတွေမှာလည်း တွေ့ရတော့ တော်တော် သတိထားကိုင်တွယ်လို့ နည်းနည်းကြာတာလို့ ဆိုကြ တယ်။ အခုကတော့ ရခိုင်ကသက်ငယ် မုဒိမ်းမှုတွေကို အထူးတရားရုံးက ကိုင်တွယ်မယ်လို့သိရပါတယ်” ဟု ပြောသည်။
ဖြစ်စဉ်မှာ ကျောက်တလုံးကျေးရွာမှ နစ်နာသူ မိသားစုသည် ဇီးချောင်းဆည် မြောက်ဘက်ရှိ သိန်းတန်ကျေးရွာ နေ ဦးမောင်အေးလှ ပိုင်ဆိုင်သည့် ဥယျာဉ်ခြံ၌ မိသားစုလိုက် သွားရောက် လုပ်ကိုင်ခဲ့ကြခြင်းဖြစ်သည်။
ဧပြီလ ၅ ရက်နေ့တွင် ခြံတဲ၌ မီးမရှိသဖြင့် ဆိုလာပြားသွားယူရန် ခြံပိုင်ရှင် ဦးမောင်အေးလှနှင့်အတူ အသက် ၁၄ နှစ် အရွယ် သမီးဖြစ်သူ လိုက်ပါသွားခဲ့သည်။
ဧပြီလ ၆ ရက် မွန်းလွဲပိုင်းတွင် ဇီးချောင်းဆည်မှ ရမ်းချောင်းတောအတွင်း တောလမ်းအတိုင်း ပြန်လာစဉ် ညနေပိုင်း၌ မှောင်လာသဖြင့် မြောင်တစ်ခုတွင် ယာယီတဲထိုး၍ အိပ်စက်ခဲ့ကြရာ ထိုည၌ ဦးမောင်အေးလှက အသက် ၁၄ နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ခဲ့သည့်အပြင် သဘာဝနှင့် ဆန့်ကျင်သော လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများကိုပါ ထပ်မံပြုလုပ်ခဲ့သည်။
ထို့ပြင် အဆိုပါ တရားခံသည် နစ်နာသူ၏ အသက် ၈ နှစ်အရွယ် ညီမဖြစ်သူကိုလည်း မက်လုံးပေး၍ လိင်ပိုင်း ဆိုင်ရာ အလွဲသုံးစား ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။
နစ်နာသူ မိသားစုသည် မေလ ၁၅ ရက်နေ့တွင် မိခင်ဖြစ်သူနှင့်အတူ DLEPS စခန်း၌ တိုင်တန်းခဲ့သဖြင့် ရာဇသတ် ကြီး ပုဒ်မ ၃၇၆ (မုဒိမ်းမှု)၊ ပုဒ်မ ၃၇၇ (သဘာဝနှင့်ဆန့်ကျင်သော လိင်ဆက်ဆံမှု)၊ အမှုအမှတ် (ပ) ၆/၂၀၂၆ ဖြင့် အမှုဖွင့်လှစ်ခဲ့သည်။
အမှုဖွင့်ပြီးနောက် တရားခံ ဦးမောင်အေးလှသည် ထွက်ပြေးတိမ်းရှောင်နေခဲ့ရာမှ ဇူလိုင်လ ၃၀ ရက်နေ့တွင် သိန်းတန်ကျေးရွာရှိ ၎င်း၏ နေအိမ်၌ သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
စစ်ဆေးမေးမြန်းမှုများအရ တရားခံ မောင်အေးလှက ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပြီး တရားရုံးတွင် ဖြောင့်ချက်ပေးခဲ့သည်။ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) အနေဖြင့် သက်သေခံ ပစ္စည်းများနှင့် အခင်းဖြစ်ရပ် မှတ်တမ်းများကို စနစ်တကျ သိမ်းဆည်း၍ မြောက်ဦးခရိုင်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ရာ တရားရုံးက ရာဇဝတ်ကြီးမှုအမှတ်ဖြင့် လက်ခံစစ်ဆေးလျက် ရှိသည်။
လက်ရှိတွင် DLEPS ဌာနအနေဖြင့် ပြည်နယ်အတွင်း ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသည့် တရားခံပြေးများကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း အာရက္ခမှုခင်းနှင့် ဆက်စပ်သတင်း များ ထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓါတ်ပုံ – DLEPS ဌာန