လူသတ်မှုသံသယရှိသူ မြန်မာနိုင်ငံသားအား ထိုင်းလဝက မှားယွင်းပြန်ပို့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ် ဇန္နဝါရီလ ၅ ရက်။ 

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် ထိုင်းအမျိုးသမီးတစ်ဦးအား မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သည်ဟု သံသယရှိရသူ မြန်မာနိုင်ငံသား ထွန်းသာအောင်အား ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက မှားယွင်း၍ ပြည်နှင်ဒဏ်ပေးခဲ့သဖြင့် တရားခံမှာ လွတ်မြောက်လျက်ရှိသည်။

ထိုင်းရဲတပ်ဖွဲ့သည် သံသယရှိသူအား နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး၊ DNA စစ်ဆေးချက်ရလဒ် မထွက်မီ လဝက ရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ 

ရဲတပ်ဖွဲ့က ပြည်နှင်ဒဏ်မပေးဘဲ ဆိုင်းငံ့ထားရန် အကြောင်းကြားစာ ပို့ခဲ့သည်ဟု ဆိုသော်လည်း၊ လဝက ဘက်ကမူ အဆိုပါစာကို မရရှိခဲ့သဖြင့် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် တရားမဝင်ဝင်ရောက်လာသူ အခြား ၅၀ ဦးနှင့်အတူ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၁၈ ရက် DNA စစ်ဆေးချက်အရ ဖမ်းဝရမ်းထွက်လာချိန်တွင်မှ တရားခံမှာ လွတ်မြောက်သွားခြင်းဖြစ်ကြောင်း သိရှိခဲ့ရသည်။

ဤဖြစ်ရပ်နှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့၏ ပေါ့ဆမှုကို လူမှုကွန်ရက်တွင် ဝေဖန်မှုများ မြင့်တက်နေပြီး၊ လဝက အရာရှိများအနေဖြင့် တမင်သက်သက် လွှတ်ပေးခဲ့ခြင်း ရှိ၊ မရှိကို စုံစမ်းရေးကော်မတီဖြင့် စစ်ဆေးလျက်ရှိကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။