ဆီးရီးယားရှိ IS အဖွဲ့ လက်နက်သိုလှောင်ရာကို ဗြိတိန်နှင့် ပြင်သစ်လေတပ်တို့ ပူးပေါင်းတိုက်ခိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၅ ရက်။ 

ဗြိတိန်နှင့် ပြင်သစ်လေတပ်တို့သည် ဆီးရီးယားနိုင်ငံ၊ ပါလ်မိုင်ရာမြို့ မြောက်ဘက်ရှိ အစ္စလာမ္မစ်နိုင်ငံတော် (IS) အဖွဲ့၏ မြေအောက်လက်နက်သိုလှောင်ရုံကို ပူးပေါင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။ 

အဆိုပါ စစ်ဆင်ရေးတွင် ဗြိတိန်လေတပ်မှ Typhoon FGR4 တိုက်လေယာဉ်များနှင့် Voyager လောင်စာဆီဖြည့်တင်းရေး လေယာဉ်များကို အသုံးပြုခဲ့သည်။

၎င်းတို့သည် မြေအောက်အဆောက်အအုံသို့ ဆက်သွယ်ထားသော လိုဏ်ခေါင်းများကို Paveway IV လမ်းညွှန်ဗုံးများဖြင့် ပစ်မှတ်ထား ချေမှုန်းခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုပြုလုပ်ရာဒေသတွင် အရပ်သားများ နေထိုင်ခြင်းမရှိသဖြင့် ဘေးထွက်ဆိုးကျိုး မရှိခဲ့ကြောင်းနှင့် စစ်ဆင်ရေးမှာ အောင်မြင်ခဲ့ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုသည်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီး John Healey က ယခုလုပ်ဆောင်ချက်သည် IS အဖွဲ့ ပြန်လည်ရှင်သန်လာမှုကို တားဆီးရန်နှင့် အကြမ်းဖက်ဝါဒကို အမြစ်ပြတ်ချေမှုန်းရန်အတွက် ဖြစ်ကြောင်း ပြောကြားခဲ့သည်။