ဗြိတိန် နှင့် တရုတ်တို့ နက်ရှိုင်းသော ဆက်ဆံရေးတည်ဆောက်ရန် ဆွေးနွေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန္နဝါရီလ ၂၉ ရက်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာသည် တရုတ်နိုင်ငံသို့ ရောက်ရှိနေပြီး ယနေ့တွင် သမ္မတ ရှီကျင့်ပင်နှင့် ဘေဂျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ဤခရီးစဉ်သည် ရှစ်နှစ်တာကာလအတွင်း ဗြိတိန်ဝန်ကြီးချုပ်တစ်ဦး၏ ပထမဆုံးသော တရုတ်ပြည်ခရီးစဉ် ဖြစ်သည်။
ဝန်ကြီးချုပ် စတာမာက တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များတွင် မရှိမဖြစ်အရေးပါကြောင်းနှင့် နှစ်နိုင်ငံအကြား ပိုမိုနက်နဲခိုင်မာသည့် ဆက်ဆံရေး (More Sophisticated Relationship) တည်ဆောက်လိုကြောင်း ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ပင်ကလည်း အတိတ်က ဆက်ဆံရေး အနိမ့်အမြင့်များ ရှိခဲ့သော်လည်း ရေရှည်တည်တံ့သော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ရန် အသင့်ရှိကြောင်း တုံ့ပြန်ခဲ့သည်။
မနက်ဖြန်တွင် ရှန်ဟိုင်းမြို့၌ စီးပွားရေးဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးရန် ရှိနေပြီး၊ အဓိကအားဖြင့် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲများ ပြန်လည်စတင်ရန်၊ အစိမ်းရောင်စွမ်းအင်နှင့် နည်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် ဗြိတိန်နိုင်ငံမှ စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများကို တရုတ်ဈေးကွက်အတွင်း ပိုမိုချဲ့ထွင်နိုင်ရန် မျှော်လင့်ထားကြသည်။