ကျောက်တော်မြို့နယ်တွင် ရေကြီးပြီးနောက် ငှက်ဖျားရောဂါကူးစက်မှု များပြားနေ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်။

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်အတွင်းရှိ ရေကြီးမှု နောက် ဆက်တွဲ ငှက်ဖျားရောဂါ ဖြစ်ပွားမှု ပြင်းထန်နေပြီး ဆေးဝါးနှင့် ကုသရေးဆိုင်ရာ လိုအပ်ချက်များ ရှိနေကြောင်း ဒေသခံများက ပြောသည်။

ကျောက်တော်မြို့နယ်အတွင်း ရေကျဆင်းသွားပြီးနောက် င/တရံကျေးရွာနှင့် တောင်ပေါက်ကျေးရွာမှ ရွာသားများအား အာရက္ခပြည်သူ့ ကျန်းမာ ရေးဌာနက သွေးဖောက်စစ်ဆေးခဲ့ရာ င/တရံကျေးရွာမှ ၁၂၃ ဦးတွင် ၄၁ ဦးနှင့် တောင်ပေါက်ရွာမှ ၉၆ ဦးတွင် ၈ ဦးတို့၌ ငှက်ဖျားပိုး တွေ့ရှိခဲ့ရသည်။

ကျောက်တော် ဒေသခံတစ်ဦးက အခုက တပ်တော်က ဆေးစစ်ပေးတာတွေ လာလုပ်နေပါတယ်။ အဲ့မှာ ငှက်ဖျားပိုးတွေ့တာလို့ ပြောပါတယ်။ ဆေးကုသရေးပိုင်းတော့ တပ်တော်ကပဲ အဓိက လုပ်ပေးနေတာပါ။ ကျနော်တို့မှာက ရေဘေး၊ စစ်ဘေး၊ အခုဆိုရင် ရေဘေးနောက်ဆက်တွဲ ဖျားတာနာတာတွေ ဆက်ဖြစ် နေတာ ပါ ဟု ပြောသည်။

ကျောက်တော်မြို့နယ်အတွင်း ငှက်ဖျားရောဂါ ဖြစ်ပွားနေသည့် အဆိုပါကျေးရွာနှစ်ရွာသို့ ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်နှင့် ၂၃ ရက်နေ့များတွင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ နှစ်ရက်တာ ကွင်းဆင်း၍ ငှက်ဖျားပိုးစစ်ဆေး ခြင်းနှင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ဆေးစိမ်ခြင်ထောင်များလည်း အခမဲ့ ပေးအပ်ခဲ့သည်။ 

ရခိုင်ပြည်မြောက်ပိုင်းမှ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေသူ ဆရာဝန်တစ်ဦးက ရေတွေကျဆင်း သွား ပြီးတဲ့နောက် ငှက်ဖျားရောဂါကို တတ်နိုင်သလောက်ကာကွယ်ဖို့ ထိန်းချုပ်ဖို့ ပိုပြီးအာရုံစိုက်လုပ်နေပါတယ်။ တပ်တော် အနေနဲ့လည်း ငှက်ဖျားပိုးစစ်ဆေးတာနဲ့ ကျန်းမာရေး အသိပညာပေးတာတွေလုပ်ပါတယ်။ အာရက္ခ ကျန်းမာရေးဌာနက တာရှည်ခံ ဆေးစိမ်ခြင်ထောင်တွေပေးတယ်၊ ပိုးလောက်လန်း သတ်ဆေးများ ပေးအပ် တယ်။ ကျန်းမာရေး အသိပညာပေးလုပ်ငန်းနဲ့ ကျန်းမာရေး စစ်ဆေးမှုတွေကတော့ လုပ်နေပေမယ့် လိုအပ် ချက်တွေ ရှိနေပါသေးတယ် ဟု ပြောသည်။

အဆိုပါ လုပ်ငန်းများကို မြို့နယ်အရေးပေါ် တုံပြန်ဆောင်ရွက်ရေးအဖွဲ့၊ မြို့နယ်ငှက်ဖျားတိုက်ဖျက်ရေးအဖွဲ့နှင့် ရပ်ရွာကျန်းမာရေးဌာနများက ဆက်လက် ကြည့်ရှုစစ်ဆေးသွားမည်ဖြစ်ကြောင်း ဆိုသည်။

အာရက္ခပြည်သူ့ ကျန်းမာရေးဌာန အနေဖြင့် အခြားသော ကျေးရွာအုပ်စုများနှင့် မြို့နယ်များတွင်လည်း ငှက်ဖျား ပိုး စစ်ဆေးခြင်းနှင့် ကျန်းမာရေး အသိပညာပေးလုပ်ငန်းများကို လုပ်ဆောင်နေသော်လည်း ဒေသအချို့တွင် ငှက်ဖျားရောဂါအတွက် ဆေးဝါးလိုအပ်ချက်များ ရှိနေဆဲဖြစ်သည်။ 

ရခိုင်ဒေသတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီးနောက် ရေပြန်ကျသွားပြီ ဖြစ်သော်လည်း ငှက်ဖျားနှင့် သွေးလွန်တုတ်ကွေးရောဂါများကို အထူးဂရုစိုက်ရန် လိုအပ်လျက်ရှိသည်။

ပြီးခဲ့သည့်နှစ်ကလည်း မိုးဦးနှင့် မိုးနှောင်းကာလများတွင် ငှက်ဖျားရောဂါကြောင့် ဆေးရုံဆေးခန်းများနှင့် လက်လှမ်းမမီသည့် ဒေသခံကျေးရွာများမှ ပြည်သူများ အသက်သေဆုံးမှုများ ရှိခဲ့ဖူးသည်။