အဓမ္မ စစ်မှုထမ်းခေါ်ယူမှုကို စုပေါင်းဆန့်ကျင်ကြရန် NUG တိုက်တွန်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်။
စစ်အုပ်စု၏ အဓမ္မ စစ်သားစုဆောင်းမှုကို တစ်ဦးတည်း ကိုယ်လွတ်မရုန်းဘဲ စုပေါင်းဆန့်ကျင်ကြရန်နှင့် တော်လှန်ရေးနယ်မြေများသို့ လာရောက်ပူးပေါင်းကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာနနှင့် တော်လှန်ရေးခေါင်းဆောင်များက တိုက်တွန်းနှိုးဆော်လိုက်သည်။
စစ်အုပ်စုသည် စစ်အင်အား လိုအပ်ချက်ကြောင့် နိုင်ငံအနှံ့ရှိ လူငယ်များကို ပြည်သူ့စစ်မှုထမ်းဥပဒေ အကြောင်းပြ၍ ဖိအားပေးဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခေါ်ဆောင်ခြင်းများ တွင်တွင်ကျယ်ကျယ် ပြုလုပ်နေသည့် အပြင် မြို့ပေါ်များတွင် သိန်းဆယ်ဂဏန်းမှ ရာဂဏန်းအထိ ငွေကြေးတောင်းခံပြီး ငွေမပေးနိုင်ပါက အတင်း အဓမ္မ စစ်မှုထမ်းအဖြစ် စုဆောင်းနေကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောသည်။
စစ်အုပ်စုတပ်၏ လုပ်ရပ်သည် တရားဝင် လိုင်စင်ရ ပြန်ပေးဆွဲဂိုဏ်းကဲ့သို့ ပြုလုပ်နေခြင်းဖြစ်ပြီး တစ်ဦးတည်း ကိုယ်လွတ်ရုန်း၍ မရဘဲ အားလုံး အတူတကွ ဆန့်ကျင်ကြရန် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ထောက်ပြထားသည်။
“တစ်ယောက်တည်း ကိုယ်လွတ်မရုန်းနဲ့၊ မရဘူး။ တစ်ယောက်တည်း ကိုယ်လွတ်ရုန်းတယ် ဆိုတာက လာဘ် ထိုးပြီးတော့ဗျာ ကာလတစ်ခု ရှောင်တာပေါ့။ မရဘူးလေ၊ လူဆိုတဲ့သဘောက ပေးနိုင်မှန်းသိရင် ပိုဆိုးမှာပဲ။ အဲတော့ ကျနော်တို့ တစ်ပြိုင်နက် တစ်ခဲနက် ဆန့်ကျင်ရမယ်” ဟု ဦးမင်းကိုနိုင်က ပြောသည်။
ထို့ပြင် စစ်အုပ်စုတပ်က စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ လူငယ်များကို ဖမ်းဆီးနေသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍လည်း ဦးမင်းကိုနိုင်က ဆက်ပြောသည်။
“သူတို့မှာ ရည်ရွယ်ချက် ၂ ခုရှိမယ်လို့ ကျနော်မြင်တယ်။ အဲဒါဘာလဲဆိုတော့ တစ်အချက်က သူတို့ရဲ့ ထောက် တိုင်တွေကို မွေးတာပဲ။ ဘာဖြစ်တာလဲဆိုတော့ တရားဝင်လိုင်စင်ရ ပြန်ပေးဆွဲဂိုဏ်းကြီးကို မြို့ပေါ်မှာ စိတ် ကြိုက်ပေါ့ ရမ်းကားခွင့် ရသွားတာပေါ့။ ကြည့်လေ၊ လူတစ်ယောက်ကို သိန်း သုံးလေး ငါးဆယ်ကနေ ရာနဲ့ ချီပြီးတော့ ငွေညှစ်လို့ရတယ်လေ။ ဆိုတော့ အဲဒီကောင်တွေက ခိုင်းတာ အကုန်လုပ်တော့မှာကိုး၊ ဒါလည်း ပါတယ်။ နောက်တစ်ခုက တကယ်လည်း လူလိုတယ်ပေါ့”
စစ်အုပ်စုတပ်၏ ပြည်သူ့စစ်မှုထမ်း အစီအစဉ်သည် ၎င်းတို့ ရေရှည်ရပ်တည်နိုင်ရေးအတွက် အသက်ရှူပေါက် ဖြစ်သဖြင့် နည်းမျိုးစုံဖြင့် တိုက်ဖျက်ရန် လိုအပ် ကြောင်းနှင့် အဓမ္မ စစ်သားစုဆောင်းခံရမည့် အန္တရာယ်မှ လွတ် မြောက်အောင် တော်လှန်ရေးနယ်မြေများသို့ လာရောက်ကြရန် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း လူငယ်များကို ဖိတ်ခေါ်ထားသည်။
“အဓမ္မ စစ်သားစုဆောင်းခံရဖို့ပေါ့ ကျနော်တို့ အန္တရာယ်ရှိနေတယ်ဆိုရင် ဒီလူငယ်တွေ အနေနဲ့ ဒီ တော်လှန်ရေး နယ်မြေတွေကို လာကြမလားပေါ့။ တော်လှန်ရေး နယ်မြေတွေကို လာမယ်ဆိုရင်လည်း ကျနော်တို့ ဖိတ်ခေါ် ထားတာရှိတယ်။”
တော်လှန်ရေး အင်အားစုများရှိရာသို့ လာရောက်သူများအနေဖြင့် အသက်အန္တရာယ် လုံခြုံမှု ရရှိမည်ဖြစ်သကဲ့သို့ တိုက်ခိုက်ရေး တာဝန်တင်မကဘဲ အခြား ပညာရေး၊ ကျန်းမာရေးနှင့် လူထုဝန်ဆောင်မှု ကဏ္ဍမျိုးစုံတွင် ပါဝင်နိုင် ရန် စီစဉ်ပေးမည်ဟုလည်း NUG ဘက်က အာမခံထားသည်။
ဦးရည်မွန်က “တော်လှန်ရေး နယ်မြေရောက်ရင်လည်း ဒါ တိုက်ခိုက်ရေး တာဝန်ထမ်းဆောင်ချင်တယ် ဆိုရင် တော့ PDF သို့မဟုတ် ပကဖ မှာ ဝင်နိုင်အောင် ကျနော်တို့ စီစဉ်မှာပေါ့။ မဟုတ်ဘူး၊ တိုက်ခိုက်ရေး တာဝန်မျိုး မဟုတ်ဘူး၊ တခြား ကျနော်တို့ တာဝန်တွေ ထမ်းဆောင်ချင်တယ်။ ဥပမာ ပညာရေး ကိစ္စမျိုးပေါ့၊ ကလေးတွေ ကို ပညာသင်ကြားပေးဖို့ ကိစ္စမျိုးတွေမှာ တာဝန်ယူချင်တယ် ဆိုရင်လည်း အဆင်ပြေအောင် စီစဉ်မယ်ပေါ့။ လူထုရဲ့ ကျန်းမာရေး စောင့်ရှောက်မှုကိစ္စ ဒါမျိုးတွေမှာ ပါဝင်မလား၊ စစ်ဘေးရှောင် စောင့်ရှောက်ရေးကိစ္စ ဒါမျိုးတွေမှာ ပါဝင်မလား၊ လုပ်နိုင်အောင် ကျနော်တို့ စီစဉ်ပေးမှာ ဖြစ်ပါတယ်” ဟု ဆက် ပြောသည်။
စစ်အုပ်စုတပ်သည် ၂၀၁၀ ပြည့်နှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင် အသက်သွင်းခဲ့ပြီး၊ အမျိုးသား အသက် ၁၈ နှစ်မှ ၃၅ နှစ်၊ အမျိုးသမီး အသက် ၁၈ နှစ်မှ ၂၇ နှစ်အထိ စစ်မှုထမ်းရမည်ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် စစ်အုပ်စုတပ်သည် စစ်မှုထမ်း သင်တန်းအပတ်စဉ်များကို အချိန်တိုအတွင်း အရှိန်အဟုန်မြှင့် ခေါ်ယူ နေပြီး မြို့ပေါ်နယ်မြေများ၌ ညဘက် ဧည့်စာရင်း စစ်ဆေးခြင်း၊ လမ်းဆုံလမ်းခွများတွင် ပိတ်ဆို့ဖမ်းဆီးခြင်းများ ပြုလုပ်၍ လူငယ်များကို စစ်သင်တန်းကျောင်းများသို့ အတင်းအဓမ္မ ပို့ဆောင်လျက်ရှိသည်။
အဆိုပါ ဥပဒေဖြင့် ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ စစ်သင်တန်း ၂၈ ကြိမ်အထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းအပတ် စဉ် တစ်ခုလျှင် စစ်သားသစ် ၅,၀၀၀ စုဆောင်းရန် သတ်မှတ်ထားသည်။