ရုရှား စစ်စရိတ် ဘတ်ဂျက် စံချိန်တင် တိုးမြှင့်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်။

ရုရှားနိုင်ငံသည် လာမည့် ၂၀၂၇ ခုနှစ်အတွက် စစ်စရိတ် ဘတ်ဂျက်ကို ၂၇ ရာခိုင်နှုန်းအထိ တိုးမြှင့်ကာ ရူဘယ် ၁၇ ဒသမ ၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ဘီလီယံ ၂၀၀ ကျော်) အထိ သုံးစွဲသွားရန် စီစဉ်နေကြောင်း အစိုးရ ဘတ်ဂျက် မူကြမ်း စာရွက်စာတမ်းများတွင် ဖော်ပြသည်။

ယင်းပမာဏသည် ၂၀၂၂ ခုနှစ် ယူကရိန်းစစ်ပွဲ စတင်ခဲ့ပြီးနောက်ပိုင်း အမြင့်ဆုံး စစ်စရိတ် ပြင်ဆင်မှုဖြစ်ပြီး လာမည့် သုံးနှစ်အတွင်း စုစုပေါင်း စစ်စရိတ် ရူဘယ် ထရီလီယံ ၅၀ အထိ ရှိလာမည်ဖြစ်သည်။

စစ်စရိတ် မြင့်တက်လာခြင်းကြောင့် ၂၀၂၆ ခုနှစ်အတွက် ဘတ်ဂျက် လိုငွေပြမှုကိုလည်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၃ ဒသမ ၂ ရာခိုင်နှုန်းအထိ တိုးမြှင့် ပြင်ဆင်ထားသည်။

အဓိက ဝင်ငွေရလမ်းဖြစ်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ ရောင်းရငွေ ခန့်မှန်းချက်များ လျှော့ချလိုက်ရသဖြင့် ဘတ်ဂျက် လိုငွေပြမှုကို ဖြည့်ဆည်းရန် သတ္တုနှင့် သတ္တုတွင်း ကုမ္ပဏီများထံမှ အထူးအခွန် တိုးကောက်ရန် စီစဉ်နေသည်။

ထို့ပြင် ၂၀၂၇ ခုနှစ်တွင် နိုင်ငံတော် ကြွေးမြီ ပမာဏသည် GDP ၏ ၂၁ ဒသမ ၇ ရာခိုင်နှုန်းအထိ ရောက်ရှိလာမည်ဖြစ်ရာ အာဏာပိုင်များ သတ်မှတ်ထားသည့် လုံခြုံရေး စံနှုန်းထက် ကျော်လွန်သွားမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်သည် တပ်မတော် အင်အား စုစုပေါင်း ၂ ဒသမ ၄ သန်းကျော်အထိ တိုးချဲ့ရန် အမိန့်ဒီကရီ လက်မှတ်ရေးထိုးခဲ့ရာ ထိုအထဲတွင် တာဝန်ထမ်းဆောင်ဆဲ စစ်သည်အင်အား ၁ ဒသမ ၅ သန်း ပါဝင်မည် ဖြစ်သည်။