မကွေးမှ ချင်းနှင့် ရခိုင်သို့ ထိုးစစ်ဆင်သည့် စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး အကျအဆုံးများပြား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်။

မကွေးတိုင်း၊ လောင်းရှည်မြို့မှတစ်ဆင့် ချင်းနှင့် ရခိုင်ပြည်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ် စစ်ကြောင်းကို ချင်းပြည်၊ ကျင်ဒွေးမြို့နယ်အတွင်း၌ တော်လှန်ရေး ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ သဖြင့် အထိအခိုက်အကျအဆုံး များပြားနေကြောင်း ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်များက ပြော သည်။

အဆိုပါ စစ်ကြောင်းသည် လောင်းရှည်မြို့မှတစ်ဆင့် ချင်းပြည်၊ ကျင်ဒွေးမြို့ဘက်သို့ စက်တင်ဘာလ ၂၆ ရက်မှ ၂၈ ရက်နေ့အထိ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် ဒေသခံ တော်လှန်ရေးတပ်များက တိုက်ပွဲများ ဖော်ဆောင် ကာ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဒေသခံ စစ်ရေးသတင်းအရင်းအမြစ် အမျိုးသားတစ်ဦးက “လောင်းရှည်အနောက်ပိုင်းက ရိုးမကိုကျော်ရင် လည်း ရခိုင်ဘက်ရောက်ပေမဲ့ တော်လှန်ရေးတပ်တွေကို မကျော်နိုင်တော့ ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကတဆင့် ချင်းရော၊ ရခိုင်ရော ပြန်ပြီး စစ်ကြောင်းထိုးလာတာပါ။ စစ်တပ်အင်အား များတယ်၊ ဒါပေမဲ့ တော်လှန်ရေး တပ်တွေ ဖြတ်တိုက်တာ တော်တော် အကျအဆုံး များတယ်” ဟု ပြောသည်။

လက်ရှိတွင် မဆာတွီကျေးရွာ အပါအဝင် ကျင်ဒွေး-လောင်းရှည် လမ်းပိုင်းပေါ်၌ နှစ်ဖက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

လောင်းရှည်မြို့သို့ စက်တင်ဘာလ ၂၃ ရက် ညနေပိုင်းတွင် စတင်ရောက်ရှိလာသည့် ပဲခူးတိုင်းအခြေစိုက် တပ်မ (၇၇) ဗျူဟာမှူး ဦးဆောင်သော အင်အား ၅၀၀ ကျော်ပါ စစ်ကြောင်းသည် တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှု ကြောင့် အကျအဆုံး များစွာဖြင့် ကန်ပက်လက်မြို့နယ်ဘက်သို့ ဦးတည်ရွှေ့လျားနေကြောင်း ဆိုသည်။

ထို့ပြင် စစ်အုပ်စုတပ်သည် စစ်ကြောင်း အရှေ့သို့ တိုးနိုင်ရန်အတွက် လောင်းရှည်-ကန်ပက်လက် နယ်စပ်ရှိ ကန်ပက်လက်မြို့နယ်၊ မဆာတွီကျေးရွာသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများပါ ပြုလုပ်လျက်ရှိသည်။

အဆိုပါ စစ်ကြောင်းတွင် တပ်မ (၇၇) ဗျူဟာမှူး ဦးဆောင်၍ စစ်မှုထမ်းသစ်များအပြင် မိတ္ထီလာအခြေစိုက် တပ်မ (၉၉)၊ မကွေးအခြေစိုက် တပ်မ (၈၈) နှင့် ကလောအခြေစိုက် တပ်မ (၅၅) တို့မှ အင်အား ၅၀၀ ကျော် ပါဝင်ပြီး လောင်းရှည်မြို့ ဆွဲလွဲကျင်းကျေးရွာ ဘက်မှတစ်ဆင့် ကန်ပက်လက်မြို့နယ်၊ မဆာတွီကျေးရွာ ဘက်သို့ ထိုးစစ်ဆင်နေခြင်း ဖြစ်သည်။

ဆောမြို့နယ်ရှိ အဓိက လမ်းကြောင်းများနှင့် ချင်းပြည်၊ မင်းတပ်၊ ကန်ပက်လက်မြို့များကို ပြန်လည်ထိန်းချုပ်ရန် ကြိုးပမ်းနေသည့် စစ်အုပ်စုတပ်သည် လွန်ခဲ့သည့် မေလမှစတင်၍ စက်တင်ဘာလအထိ ဆောမြို့နယ်အတွင်းသို့ စစ်အင်အား ၄,၅၀၀ ဝန်းကျင်အထိ ပို့ဆောင်ခဲ့ပြီး အများပြားမှာ ရခိုင်-အမ်း ရိုးမဘက်သို့လည်း ရောက်ရှိနေ သည်။

ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ချင်းကာကွယ်ရေးတပ်-ကန်ပက်လက် (CDF-Kanpetlet)၊ ချင်းညီနောင် တပ်ဖွဲ့ဝင်များ၊ ယောကာကွယ်ရေးတပ်ဖွဲ့များနှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် သိမ်းပိုက် ထိန်းချုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စစ်အုပ်စုတပ်က တန်ပြန်ထိုးစစ်ဆင်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။

ဓါတ်ပုံ – (ပုံဟောင်း / Crd)