ဘန်ကောက်ရေကြီးမှုကြောင့် ထိုင်းလေကြောင်းလိုင်း ခရီးစဉ်များ လျှော့ချ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် ထိုင်းအမျိုးသား လေကြောင်းလိုင်း (Thai Airways) အနေဖြင့် ခရီးစဉ်များကို လျှော့ချ ပြေးဆွဲနေရသည်။
အင်္ဂါနေ့တွင် ဘန်ကောက်မှ ထွက်ခွာမည့် ခရီးစဉ် စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းခန့် (ခရီးစဉ် ၃၀ နီးပါး) ကို ဖျက်သိမ်းခဲ့ပြီး ယင်းသို့ လျှော့ချပြေးဆွဲမှုကို အနည်းဆုံး သုံးရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်ဟု ထိုင်းလေကြောင်းလိုင်းက ဆိုသည်။
လွန်ခဲ့သော နှစ်ရက်အတွင်း ခရီးစဉ် စုစုပေါင်း၏ ၁၀၀ ရာခိုင်နှုန်းနီးပါး ကြန့်ကြာမှုများ ရှိခဲ့သည့်အပြင် သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ခရီးဆောင်အိတ် ၅,၆၀၀ ကျော် ပိတ်မိနေသည်။
ပိတ်မိနေသော ခရိးဆောင်အိတ်များကို ထိုင်းလေတပ် စစ်သည် ၆၉ ဦးက ဝင်ရောက်ကူညီ ရှင်းလင်းပေးနေရပြီး ၇၂ နာရီအတွင်း အပြီးသတ် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
မိုးထပ်မရွာပါက ဘန်ကောက်မြို့ ရေကြီးမှုသည် သုံးရက်အတွင်း ပြန်လည် ကျဆင်းသွားမည်ဟု ထိုင်းအစိုးရက ခန့်မှန်းထားသည်။
ယခု တစ်ကြိမ် ဘန်ကောက်နှင့် ပတ်ဝန်းကျင် ရေကြီး ရေလျှံမှုကြောင့် စီးပွားရေးလုပ်ငန်း ၁,၂၀၀ ကျော် ထိခိုက်ခဲ့ကာ စုစုပေါင်း ဆုံးရှုံးမှု ပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၃၂၀ ကျော် ရှိနိုင်သည်ဟု ထိုင်းအစိုးရက ခန့်မှန်းသည်။