‘ဦးဆောက်ရိုး၏ အိုအေစစ်ကမ္ဘာ’ သို့မဟုတ် မျိုးဆက်သစ်အပူကို သစ်ပင်ဖြင့် အံတုမည့်သူ
သတင်းနှင့်မီဒီယာ ကွန်ရက်အတွက် ဘုဏ်းမြတ်ရွှေရေးသည်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်။
အရွယ်စုံ အစိမ်းရောင်ထီးများ ဖွင့်ဆောင်းထားသည့်ပမာ ပျဉ်းကတိုး၊ ဒီဒူး (တောင်လက်ပံ)၊ ကြက်မောက်နှင့် ကညောင်း သစ် ပင်များဖြင့် အုံ့ဆိုင်းနေသော ဥယျာဉ်ထဲတွင် နေပျောက် ကျိုးတိုးကျဲတဲသာ ကျလို့နေသည်။
အပူချိန် ၃၄ ဒီဂရီစင်တီဂရိတ် ရှိသည့် တော်သလင်း နေ့လယ်ခင်းကို ဆံပင်တိုတို၊ အသားဖြူဖြူ၊ ကိုယ်ထည် တုတ်တုတ်နှင့် အသက် ၈၀ အရွယ် ဦးဆောက်ရိုးသည် ဝါးကွပ်ပြစ်ပေါ်တွင် သက်တောင့်သက်သာထိုင်၍ ရေနွေးကြမ်းသောက်ရင်း အံတုနေသည်။
ယခုလို ဆူပါအယ်လ်နီညို အစပျိုးနေချိန် ပူပြင်းသည့် ရာသီဥတုကို သက်တောင့်သက်သာ ရင်ဆိုင်နိုင်ရန်နှင့် သန့်ရှင်းလတ်ဆတ်သည့် လေကို ရှုရှိုက်နိုင်ရန် ဦးဆောက်ရိုးတစ်ယောက် ဆယ်စုနှစ် ၃ ခုခန့် ခက်ခက်ခဲခဲ ကျော်လွှားဖြတ်သန်းခဲ့ရသည်။
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ကြက်သွန်ကွင်း-မကျီးဇင်သွား ကားလမ်းဘေး ၂ မိုင်ကျော်ခန့် အကွာရှိ လှေကြီးတက်ကျေးရွာတွင် အကျယ်အဝန်း ၁၅ ဧကခန့်ရှိသည့် အဆိုပါ ဥယျာဉ်ခြံ တည်ရှိသည်။
လုံးပတ် ၂ ပေကျော်ရှိသည့် ကညောင်းပင်ကြီး အရိပ်အောက်တွင် မန်ဂျန်ရှား၊ ကွမ်းသီး၊ သရက်၊ ပိန္နဲနှင့် ငှက်ပျောပင်များ ဝိုင်းပတ်ခြံရံထားသည့် လက်တစ်ဖောင်ကျော်မြင့်သော ခြေတန်ရှည် ဓနိမိုး ထရံကာ တဲအိမ် ငယ်တစ်ခုကိုလည်း မြင်တွေ့ရသည်။

ဦးဆောက်ရိုးသည် သာပေါင်းဒေသခံ အများနည်းတူ သစ်ပင်များကို အပြောင်ရှင်းကာ သီဟိုဠ်စိုက်ပျိုးရန် စိတ်ကူးခဲ့သော်လည်း ဒေသတွင်း ပြောင်းလဲသွားသည့် အခြေအနေများကြောင့် စိုက်ပျိုးမှုပုံစံ ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
၁၉၈၈ ခုနှစ်တွင် ပုသိမ်-သာပေါင်း ကားလမ်းဖောက်လုပ်ရန် လမ်းအူကြောင်း ရှာဖွေစဉ် လမ်းဧရိယာအတွင်း မလွတ်ကင်းသည့် သစ်ပင်များကို ခုတ်လှဲခဲ့ကြသည်။ ဒေသခံအချို့ကလည်း သီဟိုဠ်ခြံစိုက်ရန် သစ်တောများကို အပြိုင်အဆိုင် ခုတ်ထွင်ရှင်းလင်းခဲ့ကြသည်။
ထို့ပြင် မြေလွတ်မြေလပ်နှင့် မြေရိုင်းများကို ပုဂ္ဂလိကများထံ စစ်တပ်အစိုးရ အဆက်ဆက်က ငှားရမ်းလုပ်ကိုင်ခွင့် ပေးခဲ့ရာ သဘာဝတောများကို အပြောင်ရှင်းခြင်း၊ သစ်အလွန်အကျွံ ခုတ်လှဲထုတ်လုပ်ခြင်းနှင့် မီးသွေးဖုတ် ခြင်းများ ပြုလုပ်ခဲ့ကြသဖြင့် သာပေါင်းဒေသ၏ ပထဝီနှင့် ရာသီဥတု အနေအထား ပြောင်းလဲသွားခဲ့ရသည်။
အပြောင်ရှင်းထားသည့် ကားလမ်းကြီးနှင့်အပြိုင် တောင်ဂတုံးများ၊ ကွင်းပြင်များနှင့် မီးလောင်ငုတ်များက ပထဝီ မြင်ကွင်းကို ပြောင်းလဲစေခဲ့သလို အပင်မရှိသည့် အကျိုးဆက်အဖြစ် အပူဒဏ်ကိုလည်း နှစ်စဉ် ပိုမိုခံစားလာ ကြရသည်။
လှေကြီးတက်ကျေးရွာမှ အသက် ၇၅ နှစ်အရွယ် ကျောင်းဆရာဟောင်းတစ်ဦးက “တနှစ်ထက်တနှစ် ပိုပိုပြီး အပူဒဏ်ကို ခံစားလာကြရတယ်။ လူတိုင်းက ပါးစပ်နဲ့ ငြီးနေချိန်မှာ ဦးဆောက်ရိုးက လက်နဲ့ အနာဂတ်ကို မျှော်ပြီး သစ်ပင်စိုက်နေပြီ၊ တောမပြုန်းအောင် ပြုပြင်ထိန်းသိမ်းနေပြီ။ အရိပ်ရဖို့ နေပူထဲမှာ ပင်ပန်းဆင်း ရဲခံနေတာ” ဟု ပြောသည်။

ဦးဆောက်ရိုးသည် အပြောင်ရှင်းပြီးမှ သီဟိုဠ်စိုက်မည့် အစီအစဉ်ကို ဖျက်၍ သဘာဝတောကို သဘာဝအတိုင်း ရှင်သန်ကြီးထွားစေရန် ပြုစုပျိုးထောင်ရင်း ‘ဆောက်ရိုး၏ အိုအေစစ်ကမ္ဘာ’ ကို တည်ဆောက်ရန် သန္နိဋ္ဌာန်ချခဲ့ သည်။
“ကျုပ်ရဲ့ လက်ကျန်သက်တမ်းကို အဟောင်းပြုပြင်ပြီး အသစ်ကို တည်ဆောက်ဖို့ မြှုပ်နှံထားတယ်” ဟု နှစ်ရှည်ပင် စိုက်ပျိုးရသည့် ရည်ရွယ်ချက်ကို ဦးဆောက်ရိုးက ခိုင်ခိုင်မာမာ ပြောသည်။
အဆိုပါ ဥယျာဉ်အတွင်း သဘာဝအတိုင်း ပေါက်ရောက်နေသည့် လုံးပတ် ၃ ပေမှ ၃ ပေခွဲအထိရှိသော အမျိုးစုံ သစ်ပင်ကြီးပေါင်း ၁၄၀ ခန့်နှင့် ထပ်မံပြုစုထားသည့် ထွာဆိုင်ခန့် မန်ဂျန်ရှားအပါအဝင် နှစ်ရှည်ပင်ပျိုပေါင်း ၂၀၀ ကျော် ရှိသည်။
ထို့ပြင် တဲပတ်ချာလည် မြေ ၁ ဧကပေါ်တွင် ၆ ပေစီခြား၍ စိုက်ပျိုးထားသည့် လုံးပတ် ၁ ပေခွဲခန့်ရှိ မန်ဂျန်ရှား အပင်ပေါင်း ၁,၂၀၀ ခန့်လည်း ရှိနေသည်။
စိုက်ပျိုးရေးနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် စားပင်၊ သီးပင်နှင့် တန်ဖိုးကြီး ကျွန်း၊ ပျဉ်းကတိုး ကဲ့သို့သော အဖိုး တန်သစ်များကို ပြန်လည်ခုတ်ရောင်းရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးသူများ ရှိသော်လည်း ဦးဆောက်ရိုးကမူ သစ်ပင်ချစ်စိတ် တစ်ခုတည်းဖြင့် ပြန်လည်ခုတ်ရောင်းရန် ရည်ရွယ်ခြင်းမရှိဘဲ တပိုင်တနိုင် စိုက်ပျိုးနေခြင်း ဖြစ်သည်။
ဦးဆောက်ရိုး ခြံအတွင်းရှိ သဘာဝတောမှ သစ်ပင်ကြီး ၁၄၀ ကျော်ကို ခုတ်ရောင်းပါက သစ်တန် ၃၀ ခန့် ထွက် ရှိနိုင်ပြီး သစ်လုံးအတိုင်း ရောင်းချပါက ငွေကျပ် သိန်း ၄၅၀ နှင့် ခွဲသားအဖြစ် ရောင်းချပါက ကျပ်သိန်း ၉၀၀ ခန့် ရရှိနိုင်ကြောင်း သာပေါင်းမြို့မှ သစ်ကုန်သည်တစ်ဦးက ခန့်မှန်းတွက်ချက်ပြသည်။
သို့သော် ဦးဆောက်ရိုးသည် မိမိနေရာကွက်ကွက်လေးတွင် အရိပ်ရရှိရေးဆိုသည့် လက်တွေ့ကျသည့် ရည်ရွယ် ချက်ဖြင့် နှစ်ရှည်ပင်များကို တကိုယ်ရည် ထိန်းသိမ်းစိုက်ပျိုးနေခြင်း ဖြစ်သည်။
“အစိုးရနဲ့ ဘယ်လူမှုအဖွဲ့အစည်းကိုမှ အားကိုးမျှော်လင့် မနေသင့်ဘူး။ ကိုယ်လုပ်နိုင်သလောက် တစ်ပင်တတ်နိုင် ရင် တစ်ပင်၊ ဆယ်ပင်တတ်နိုင်ရင် ဆယ်ပင် ကိုယ့်ခြံနဲ့ ကိုယ့်ပတ်ဝန်းကျင်အတွက် စိုက်ကြရင် လာမယ့် အနာဂတ် ဆယ်စုနှစ်တခုမှာ အရိပ်ရမယ်၊ အပူဒဏ် သက်သာမယ်” ဟု ဦးဆောက်ရိုးက လှေကြီးတက် ရွာသားများကို လှုံ့ဆော်စကား ပြောသည်။
လက်ရှိတွင် ဦးဆောက်ရိုး ဆယ်စုနှစ် ၃ ခုခန့် ပြုစုပျိုးထောင်ခဲ့သည့် ဥယျာဉ်အတွင်း ကြက်မောက်၊ မအူ၊ လင်း လွန်း၊ လျှော်၊ ဒီးဒူး၊ ထောင်ပိုင်း၊ ကညောင်း၊ ပျဉ်းကတိုး၊ သစ်တို၊ တောင်သရက်နီ၊ တောင်သရက်ဖြူ၊ သစ်ပုတ်၊ မျောက်ငိုနှင့် ရေငန်းပင်တို့ ပေါက်ရောက်နေကြပြီး လျှို၊ မြောင်၊ ချောင်းရိုးတို့အပြင် တစ်နှစ်ပတ်လုံး ရေမခန်း သည့် ရေကန်တစ်ခုပါ ရှိနေသည်။
“ဟိုအရင်ကတော့ နွေမရောက်သေးဘူး ကန်ကရေခန်းသွားပြီ။ ခုတော့ တနှစ်ပတ်လုံး ရေမခန်းတော့ဘူး။ သစ် ပင်တွေက မြေသားနံရံတွေကို ထိန်းပေးထားသလို မြေကို အစိုဓာတ်ရစေတာကြောင့် ပူပေမဲ့ ရေပြန်ထိန်းပြီး သား ဖြစ်သွားတာ” ဟု ဦးဆောက်ရိုးက ရှင်းပြသည်။
ကမ္ဘာပေါ်တွင် တစ်မိနစ်လျှင် ဘောလုံးကွင်းတစ်ကွင်းစာ သစ်တောပြုန်းတီးနေပြီး မြန်မာနိုင်ငံတွင်လည်း တစ်နှစ်ထက်တစ်နှစ် အပူချိန် ၀ ဒသမ ၈ ဒီဂရီစင်တီဂရိတ် ပိုမိုမြင့်တက်လာကြောင်း ပညာရှင်များက သတိပေးထားသည်။
သစ်တောပြုန်းတီးမှုနှင့် ကာဗွန်ထုတ်လွှတ်မှုများကြောင့် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသတွင် မိုးခေါင်ရေရှားခြင်းနှင့် အပူဒဏ်လွန်ကဲခြင်းများကို ရင်ဆိုင်နေရသည်။

သစ်တောပညာရှင်များ၏ အဆိုအရ အနှစ် ၃၀ ခန့် သက်တမ်းရှိ သစ်ပင်ကြီးတစ်ပင်သည် တစ်နှစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုက် ၁၀ ကိလိုဂရမ်မှ ၄၀ ကိလိုဂရမ်အထိ စုပ်ယူပေးနိုင်ပြီး လူ ၂ ဦးမှ ၄ ဦးအတွက် တစ်နေ့ တာ လိုအပ်သည့် အောက်ဆီဂျင် ကိလိုဂရမ် ၁၀၀ မှ ၁၂၀ အထိ ထုတ်ပေးနိုင်သည်။
ထို့ပြင် ဦးဆောက်ရိုး စိုက်ပျိုးထားသည့် မန်ဂျန်ရှားပင်သည် ပဲမျိုးရင်းဝင် (Fabaceae) အပင်မျိုးစိတ် ဖြစ်သဖြင့် မြေဆီလွှာတွင် နိုက်ထရိုဂျင်ဓာတ် ဖမ်းယူပေးနိုင်ပြီး ကမ္ဘာတစ်ဝန်း သစ်တောပြန်လည်တည်ထောင်ရေး လုပ်ငန်း စဉ်များတွင် အဓိက အသုံးပြုကြသည့် အပင်ဖြစ်သည်။
“သူက အနာဂတ် ဖြေရှင်းနည်းကို သိလို့လုပ်ခဲ့တာ မဟုတ်ဘူး။ ခြုံတွေ၊ နွယ်တွေနဲ့ အပင်ကြပ်၊ အပင်ညပ်တွေ ကြောင့် အပင်တွေ ကြီးထွားမှုနှေးမယ်ဆိုတာလောက်တော့ တောနေသဘာဝအရ သိတယ်။ ဒါကြောင့် လုပ် တာ။ အဲလိုလုပ်တာကပဲ ပညာရှင်တွေရဲ့ အဆိုနဲ့ ကိုက်ညီနေပြီး အနာဂတ်ကို ဖြေရှင်းပြီးသား ဖြစ်သွားတာ” ဟု စိုက်ပျိုးရေးဘွဲ့ရ သစ်ပင်စိုက်ပျိုးသူတစ်ဦးက သုံးသပ်သည်။
လွန်ခဲ့သော ၁၀ နှစ် (၂၀၁၆ ခုနှစ်) က ပြင်းထန်အယ်လ်နီညို ကျရောက်စဉ်က ချောက်နှင့် မကွေးမြို့တို့တွင် အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်အထိ စံချိန်တင် မြင့်တက်ခဲ့ဖူးသည်။
ထိုစဉ်က ကြက်သွန်ကွင်းကျေးရွာတွင် အပူရှပ်သည့် အန္တရာယ်ကြောင့် လူအချို့ သေဆုံးခဲ့ရစဉ် ဦးဆောက်ရိုး သည် သူ၏ မြေးငယ် ၉ ဦးနှင့် သက်ကြီးရွယ်အို ၄ ဦးကို ၎င်း၏ ဥယျာဉ်ခြံအတွင်းသို့ ခေါ်ယူစောင့်ရှောက်ခဲ့ ရသည်။
“ခြံထဲမှာ သစ်ပင်တွေရဲ့ အရိပ်ကြောင့် အပူဒဏ် လျော့ကျကာ လေကောင်းလေသန့်နဲ့ လေပြေလေး တဖြူးဖြူး ရတာကြောင့် လူကြီးတွေကို သက်တောင့်သက်သာ ဖြစ်စေပြီး ကလေးတွေအတွက် ပြေးလွှား ဆော့ကစား စရာ ကစားကွင်းဖြစ်ခဲ့တယ်” ဟု ဦးဆောက်ရိုးက ပြုံး၍ ပြောပြသည်။
မိုးလေဝသပညာရှင်များက လာမည့် ၂၀၂၇ ခုနှစ်တွင် သမိုင်းတစ်လျှောက် အဆိုးရွားဆုံး အယ်လ်နီညိုဖြစ်စဉ်နှင့် ရင်ဆိုင်ရနိုင်ကြောင်း သတိပေးထားချိန်တွင် ဦးဆောက်ရိုးကမူ သူ၏ ဥယျာဉ်ခြံဖြင့် အနာဂတ်အတွက် အဆင် သင့် ပြင်ဆင်ထားပြီး ဖြစ်သည်။
ဦးဆောက်ရိုးသည် ၎င်း၏ လက်ကျန်ဘဝခရီးတွင် သစ်ပင်များကို ပြုစုပျိုးထောင်ရင်း ဆက်လက်နေထိုင်သွားရန် ဆုံးဖြတ်ထားပြီး အဓိဋ္ဌာန်တစ်ရပ်ကို ခိုင်မာစွာ ချမှတ်ထားသည်။
“ဟောဒီ သာပေါင်းနယ်တစ်ထိုးမှာ ဆောက်ရိုးရဲ့ အိုအေစစ် သားစဉ်မြေးမြစ် ပြောထုံးဖြစ်စေရမယ်” ဟု တော် သလင်းလ၏ အပူချိန်ကို အံတု၍ ဦးဆောက်ရိုးက အလေးအနက် ဆိုလိုက်သည်။