ဂျပန်၏ ပထမဆုံး ဘတ်စ်ကားလိုင်း ယာဉ်မောင်းမှာ မြန်မာနိုင်ငံသား ဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်။
မြန်မာနိုင်ငံသား တစ်ဦးသည် ဂျပန်နိုင်ငံ၏ ပထမဆုံး ခရီးသည်တင် လိုင်း ဘတ်စ်ကား မောင်းသူ နိုင်ငံခြားသား ယာဉ်မောင်း ဖြစ်လာခဲ့သည်ဟု Japan Daily သတင်းတွင် ဖော်ပြထားသည်။
Fuji Kyuko Shizuoka Bus ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသား ကိုပြည့်စုံသည် အောက်တိုဘာလ ၁၉ ရက်နေ့တွင် ခရီးသည်တင် ဘတ်စ်ကားများကို တရားဝင် စတင်မောင်းနှင်ခဲ့ပြီး၊ စိဇူအိုကာခရိုင် (Shizuoka Prefecture) ၏ ပထမဆုံးသော နိုင်ငံခြားသား ခရီးသည်တင် ဘတ်စ်ကားဒရိုင်ဘာ ဖြစ်လာခဲ့သည်ဟု ဆိုသည်။
အဆိုပါ ကုမ္ပဏီက ကိုပြည်စုံ ဘတ်စ်ကားမောင်းနှင်စဉ် တာဝန်ကျယူနီဖောင်းနှင့် လက်အိတ်များ ဝတ်ဆင်ထားသည့် ဓာတ်ပုံများကို ထုတ်ပြန်ခဲ့ရာ ဆိုရှယ်မီဒီယာပေါ်တွင် လူထုစိတ်ဝင်စားမှု အမြောက်အမြား ရရှိခဲ့ပြီး အားပေးချီးကျူးသည့် တုံ့ပြန်မှုများစွာ ရရှိခဲ့သည်။
မှတ်ချက်ရေးသားသူ အများအပြားက ဂျပန်နိုင်ငံတွင် ဘေးကင်းလုံခြုံစွာ တာဝန်ထမ်းဆောင်နိုင်ရန် လိုအပ်သည့် ဘာသာစကားနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပညာရပ်များကို ကြိုးစားသင်ယူခဲ့သည့် ကိုပြည့်စုံ၏ ကြိုးပမ်းမှုကို ကြိုဆိုချီးကျူးခဲ့ကြသည်။
ထို့ပြင် ဂျပန်တစ်ဝန်းရှိ ဘတ်စ်ကားလုပ်ငန်းများတွင် လုပ်သားလိုအပ်မှု ကြုံတွေ့နေရချိန်တွင် ဒရိုင်ဘာများ ခန့်အပ်ရေးနှင့် ထိန်းသိမ်းရေးဆိုင်ရာ စိန်ခေါ်မှုများကိုလည်း ဆွေးနွေးပြောဆိုခဲ့ကြသည်။
ခရီးသည်တင် ဘတ်စ်ကားမောင်းနှင်ခြင်းသည် အထူးလိုင်စင်၊ လေ့ကျင့်သင်တန်းများနှင့် ခရီးသည်များ၏ ဘေးကင်းလုံခြုံရေးအတွက် တာဝန်ယူမှုများ လိုအပ်သဖြင့် ဤပြောင်းလဲမှုသည် အရေးပါသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ အပြောင်းအလဲတစ်ခုလည်း ဖြစ်သည်။