ချင်းပြည် ပလက်ဝ၌ ၂ ရက်ဆက် လေကြောင်းတိုက်ခိုက်ခံရ၍ ၆ လသား ကလေးငယ် အပါအဝင် ၉ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်
၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်။

ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ်ရှိ ပီချောင်းဆုံ ကုန်တင်ဆိပ်ကို စစ်အုပ်စုတပ်က ၂ ရက်ဆက်တိုက် လေကြောင်းမှ ဗုံး ၅၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့သဖြင့် ၆ လသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ် သား ၉ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ရခိုင်ပြည်အတွင်းသို့ အိန္ဒိယဘက်မှ ကုန်စည်များ စီးဆင်းရာ အဓိက ကျောရိုးဖြစ်သည့် ပီချောင်းဆုံ ကုန်တင် ဆိပ်နှင့် အနီးဝန်းကျင်ကို စစ်အုပ်စုတပ်က အောက်တိုဘာလ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ဂျက်ဖိုက်တာနှင့် Y-12 လေယာဉ်များ အသုံးပြု၍ ဗုံးသီး အမြောက်အမြား ကြဲချခဲ့ခြင်း ဖြစ်သည်။

အောက်တိုဘာလ ၁၈ ရက် ပထမရက် တိုက်ခိုက်မှုတွင် သံထောင်ရွာမှ မိသားစုတစ်စု အပါအဝင် အသက် ၆ လသား ကလေးငယ်၊ ခရီးသည်များနှင့် ကုန်သည် စုစုပေါင်း ၉ ဦး သေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပျံကျဈေးဆိုင်များပါ လုံးဝ ပျက်စီးသွားခဲ့သည်။

ဒေသခံတစ်ဦးက “ဗုံးကြဲတာက တကယ့်ကို အဓိက ကုန်ဆိပ်နေရာကို တည့်တည့်ကြဲတာ။ သံထောင်ရွာက မိသားစုတစ်စုဆို လပွဲချင်းပြီး ဆုံးသွားတယ်။ ဒဏ်ရာတွေ ပြင်းထန်တယ်။ စစ်တပ်က တိုက်ပွဲမှာ ရှုံးရင် အရပ်သားတွေကိုပဲ ဒီလို မလိုမုန်းထား ပစ်မှတ်ထား တိုက်ခိုက်နေတာ” ဟု ပြောသည်။

စစ်တွေနှင့် ပေါက်တောမြို့နယ်များအတွင်းရှိ တိုက်ပွဲများ၌ စခန်းကြီးများနှင့် ကာကင်းများ လက်လွှတ်ဆုံးရှုံးနေ ရသည့် စစ်အုပ်စုတပ်သည် ပလက်ဝမြို့နယ်ရှိ ပီချောင်းဆုံ ကုန်တင်ဆိပ်ကို ၂ ရက်ဆက်တိုက် လေကြောင်းမှ ဗုံး ၅၀ နီးပါး ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အောက်တိုဘာလ ၁၉ ရက် ဒုတိယရက်တွင်လည်း အဆိုပါ ကုန်တင်ဆိပ်နှင့် လုံးတူ-တွီစပ် လမ်းခွဲတို့ကို ထပ်မံ ဗုံးကြဲခဲ့သဖြင့် ခရီးသည်တင်ယာဉ်များ၊ ကုန်တင်ယာဉ်များနှင့် ဆိုင်ခန်းများ ထိခိုက်ပျက်စီးခဲ့ကာ ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်အုပ်စုတပ်သည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်ကလည်း ကျောက်တော်မြို့ရှိ အိန္ဒိယဈေးကို လေကြောင်းမှ ဗုံးကြဲခဲ့ပြီးနောက် ယခုအခါ အိန္ဒိယဘက်မှ ကုန်စည်ဝင်ရောက်ရာ ကုန်ဆိပ်များကို ပစ်မှတ်ထား ဖျက်လိုဖျက်ဆီး ပြုလုပ်လာခြင်း ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။

လက်ရှိတွင် ရခိုင်နှင့် ချင်းပြည်အတွင်း စစ်ရေးအရ အထိနာပြီး စခန်းများ ဆက်တိုက် လက်လွှတ်နေရချိန်၌ စစ်အုပ်စုတပ်သည် စည်ကားသည့် ဈေးများ၊ ကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းများကို လေကြောင်းမှ ပစ်မှတ်ထား တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်အုပ်စုတပ်သည် ၂၀၂၆ ခုနှစ် မေလလယ်မှစ၍ မင်းတပ်၊ ကန်ပက်လက်၊ ရွှေအောင်သာ စသည့် စစ်မျက်နှာ များတွင် ချင်းပြည်သူ့တပ်မတော်နှင့် မဟာမိတ် ပူးပေါင်းတပ်များ၏ ခုခံတိုက်ခိုက်မှုကြောင့် မြေပြင်တွင် အထိနာနေပြီးနောက် ကျင်ဒွေးမြို့ဘက်သို့ ဦးတည်ကာ စစ်ကြောင်း ထပ်မံထိုးလာခြင်း ဖြစ်သည်။

ယခုတိုက်ခိုက်မှုအတွင်း စစ်အုပ်စုတပ်သည် ပီချောင်းဆုံနှင့် လုံးတူ-တွီစပ် လမ်းခွဲတို့သို့ ၂ ရက်အတွင်း ဂျက်ဖိုက် တာဖြင့် ဗုံးသီး ၄ လုံး၊ Y-12 လေယာဉ်ဖြင့် ဗုံးသီး ၁၁၂ လုံးအထိ စုစုပေါင်း ဗုံးသီး ၁၁၆ လုံးခန့် အလွန်အမင်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း ချင်းပြည်သူ့အစည်းအရုံး (CPU/CPA) ၏ အောက်တိုဘာလ ၂၀ ရက်နေ့က  ထုတ်ပြန်သည်။

မြေပြင်တွင် အထိနာနေသည့် စစ်အုပ်စုတပ်သည် ရှုံးမဲမဲကာ အရပ်သား ပြည်သူလူထုအပေါ် သူရဲဘောကြောင် စွာ နေ့ညမရွေး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လာနေကြောင်း CPU/CPA က ထောက်ပြထားသည်။

သို့သော် “မိမိတို့ ပြည်သူများ၏ အသက်အိုးအိမ်နှင့် ဘိုးဘွားပိုင် ရေမြေတောတောင်များကို အစွမ်းကုန် ကာကွယ်သွားမည်” ဖြစ်ပြီး CPU ထိန်းချုပ်နယ်မြေအတွင်းရှိ ပြည်သူများအနေဖြင့်လည်း စစ်အုပ်စုတပ်၏ လေကြောင်း အန္တရာယ်ကို အထူးဂရုစိုက်ကြရန် အသိပေး ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – (ပလက်ဝမြို့နယ်အတွင်းရှိ ပီချောင်းဆုံ ကုန်တင်ဆိပ်ကမ်း အနီးဝန်းကျင်ကို တွေ့ရစဉ်။ – CPU/CPA)