ပလက်ဝတွင် လူငယ်များ မြို့ပြင်ထွက်ခွာခွင့် CDF ကန့်သတ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်။
ချင်းပြည်၊ ပလက်ဝမြို့နယ် အတွင်းရှိ အရွယ်ရောက်ပြီးသူ လူငယ်များအနေဖြင့် မြို့နယ်ပြင်ပသို့ ထွက်ခွာခြင်း မပြုရန် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (CDF-Paletwa) က ခရီးသွားလာခွင့် ကန့်သတ်မိန့် ထုတ်ပြန်လိုက်သည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သော အဆိုပါညွှန်ကြားချက်တွင် ဒေသတွင်းရှိ လူငယ်များအနေဖြင့် CDF-ပလက်ဝတွင် ပူးပေါင်းပါဝင်ပြီး ဒေသကာကွယ်ရေးတာဝန် ထမ်းဆောင်ရန်မှာ “သမိုင်းပေးတာဝန်” ဖြစ်သည်ဟု ဖော်ပြထားသည်။
ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ အရေးပေါ်ကိစ္စရပ်များမှလွဲ၍ အခြားကိစ္စများအတွက် လူငယ်များ မြို့နယ် ပြင်ပသို့ ထွက်ခွာခွင့်ကို ပိတ်ပင်ထားခြင်းဖြစ်သည်။
လက်ရှိတွင် ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် (AA) က အလုံးစုံသိမ်းပိုက် ထိန်းချုပ်ထားသဖြင့် စစ်ကော်မရှင်၏ စစ်မှုထမ်းဥပဒေဒဏ်မှ ကင်းလွတ်နေသော်လည်း၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ၏ အင်အားစုဆောင်းမှုနှင့် ကန့်သတ်ချက်များကြောင့် လူငယ်များမှာ အကြပ်ရိုက်နေကြသည်။
ပလက်ဝမြို့မှ ရန်ကုန်ကို ရောက်နေသာ လူငယ်တစ်ဦးက “ဖြစ်သင့်တာကတော့ စစ်မှုထမ်းတယ်ဆိုတာက လူငယ်တွေအနေနဲ့ သူတို့ရဲ့ ဆန္ဒအလျောက် ထမ်းတာမျိုးကပဲ ကောင်းတယ်။ မဟုတ်ရင် အတင်းအကျပ် စစ်မှုထမ်းခိုင်းတယ် ဆိုတာမျိုး ဖြစ်သွားမှာနော်” ဟု ပြောသည်။
အဆိုပါ ပိတ်ပင်ကန့်သတ်မှုသည် မြေပြင်တွင် ထိရောက်မှုအားနည်းနေပြီး၊ ဖမ်းဆီးထိန်းသိမ်းခံရမည့် အန္တရာယ် ကြားမှပင် အခြားဒေသများသို့ နည်းလမ်းမျိုးစုံဖြင့် ခိုးထွက်နေကြသူများ ရှိနေကြောင်း ဒေသခံ သတင်း ရင်းမြစ်များက ပြောသည်။
အဆိုပါ လူငယ်က“အခုက ကျနော်တို့ ပြည်သူတွေက စစ်တပ်ရဲ့ စစ်မှုထမ်း ဥပဒေကို ကြောက်ရတယ်။ ကိုယ့် ဒေသမှာ ရှိတဲ့ တော်လှန်ရေး အဖွဲ့တွေကိုလည်း ကြောက်ရတယ်။ ပလက်ဝမှာ ကျန်ခဲ့တဲ့ သူငယ်ချင်းတွေဆိုရင် လမ်းကြောင်း အမျိုးမျိုးကနေ ခိုးထွက်ဖို့ ကြိုးစားနေကြတယ်” ဟု ဆက်ပြောသည်။
ပလက်ဝမြို့နယ်သည် စစ်ရေးအရရော၊ ပထဝီဝင် အနေအထားအရပါ အချက်အချာကျသဖြင့် တော်လှန်ရေး အင်အားစုများအကြား နယ်မြေစိုးမိုးရေးနှင့် အင်အားတည်ဆောက်ရေး အတွက် ယခုကဲ့သို့ တင်းကြပ်မှုများ ပြုလုပ်လာခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများအချို့က သုံးသပ်ကြသည်။
သို့သော်လည်း တစ်ဖက်တွင် လူငယ်များ၏ လွတ်လပ်စွာ သွားလာခွင့်နှင့် အနာဂတ် ရွေးချယ်ခွင့်များအပေါ် ကန့်သတ်ချက်ဖြစ်နေသဖြင့် ဒေသခံမိဘပြည်သူများအကြား ဝေဖန်စိုးရိမ်မှုများလည်း ရှိနေသည်။