သထုံ-ဘားအံ ကားလမ်းရှိ စစ်ဆေးရေးဂိတ် ၄၀ မမ မော်တာဖြင့် ပစ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်။

သထုံ – ဘားအံ ကားလမ်းရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေး ဂိတ် ၄၀ မမဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်ပစ်ခတ်မှုများ ဆက်ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကြာပန်းကျေးရွာအနီး ကြာပန်းစစ်ဆေးရေးဂိတ်ကို တနင်္လာနေ့ ည ၇ နာရီဝန်းကျင် အချိန်ခန့်က သထုံပြည်သူ့ ကာကွယ် ရေး တပ်ဖွဲ့က ၄၀ မမ ဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

”ဂိတ်ကို ၄၀ မမ နဲ့ လာပစ်တာ၊ ဂိတ်က လုံခြုံရေးအဖွဲ့တွေကလည်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ် တယ်။ ခဏလောက်တော့ အပြန်အလှန်ပစ်ခတ်မှုဖြစ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ အကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ထိုတိုက်ခိုက်မှုဖြစ်စဥ်အတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှုများလည်းရှိခဲ့သည်ဟု သတင်းထွက်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

ကြာပန်းစစ်ဆေးရေးဂိတ်ကို နန်းထိုက်အောင် စစ်ဆင်ရေး အနေဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

”နန်းထိုက်အောင်စစ်ဆင်ရေးအနေဖြင့် သထုံ ပကဖမှ ကြာပန်းအနီး စကစ စစ်ဆေးရေးဂိတ်ကို တာဝန်ခံများ ဦး ဆောင်၍ ၄၀ မမဖြင့် သွားရောက်ပစ်ခတ်ခဲ့တယ်” ဟု သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြော သည်။

အရေးပေါ်အခြေအနေအရ ယခုရက်ပိုင်းတွင် သထုံမြို့တွင်း မြို့ပြင်မောင်းသည့် ကားမှန်သမျှ မှန်ချမောင်းပေး ကြပါရန်လည်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မှန်ချမမောင်းပဲ ထိခိုက်မှု တစ်စုံတစ်ရာရှိခဲ့ပါက တာဝန်ယူမည် မဟုတ်ကြောင်းလည်း ထုတ်ပြန်ထားသည်။