စစ်ကိုင်းတိုင်းအတွင်း ပြည်သူ ၁၉ ဦး အစုအပြုံလိုက် အသတ်ခံရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁၀ ရက်။

စစ်ကိုင်းတိုင်း ကောလင်း၊ ဝန်းသို၊ ပင်လယ်ဘူး လမ်းဆုံအနီး ဒေသအခေါ် ၅ မိုင်တွင် ပြည်သူ ၁၉ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်သွားသည်ဟု ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ များက အတည်ပြု ပြောသည်။

ယခု သတ်ဖြတ်ခံရသူများမှာ စစ်ကောင်စီ စစ်ကြောင်းက ဖမ်းဆီးသွားသူများ ဖြစ်သည်ဟု ကောလင်းမြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

“ကိုးဦး အလောင်းကတော့ လမ်းမကြီးပေါ်မှာ တန်းစီလျက်ပဲပေါ့နော်။ အသတ်ခံထားတာ တွေ့ရပါတယ်။ ကျန်တဲ့ အလောင်းတွေကတော့ ဘေးမှာ ပြန့်ကြဲနေတဲ့ သဏ္ဍာန်တွေ့ရတယ်လို့ သိထားရပါတယ်။”

ယခုလ ၅ ရက်နေ့တွင် ဝန်းသိုဘက်မှ ထွက်လာသော စစ်ကောင်စီ စစ်ကြောင်းသည် ဝန်းသို ခမရ ၁၂၀ တပ် ရင်း အနီး ဒေသအခေါ် ကျောက်စိမ်းဘုရားအနီး၊ ကုန်သည်များ ခရီးတစ်ထောက်နားနေသည့် နေရာသို့ ရောက်လာပြီး ထိုနေရာတွင်ရှိနေသော ခရီးသွားကုန်သည်များအား ဖမ်းဆီးသွားခဲ့ပြီး ၇ ရက်နေ့တွင် အလောင်းများကို တွေ့ရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

စစ်ကောင်စီက သတ်သွားသော ပြည်သူ ၁၉ ဦးထဲမှ ကောလင်းဒေသခံ ၅ ဦးကိုသာ အတည်ပြု နိုင်သေးပြီး ကျန်အလောင်းများမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်မပြုနိုင်သေးဘူးဟု ဆိုကြသည်။

အဆိုပါ အလောင်းများကို စစ်ကောင်စီဘက်က ရက်စက်စွာ သတ်ဖြတ်ထားသည်ကို တွေ့ရသည်ဟု ကော လင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆက်ပြောသည်။

“အဲ့ဒီ ၅ လောင်းမှာ ဆိုရင် တစ်လောင်းက ဗိုက်ကိုဖွင့် ထားတဲ့ဟာတွေ တွေ့ရပါတယ်။ နောက်တစ်လောင်း ကတော့ ဦးခေါင်းကို တော်တော်ထိခိုက်ထားတာကို တွေ့ရပါတယ်။ ကျန်တဲ့ သုံးလောင်းမှာတော့ ခြေ ထောက်မှာ ကြိုးတွေ တုပ်ထားတာ တွေ့ရပါတယ်။ ခြေကျင်းဝတ်တွေ ဖြတ်ထားတာကို တွေ့ရပါတယ်ဗျ။”

အလောင်းတွေ့ရှိရာ အနီးတွင် ကပစ ထုတ် 5.56 mm ကျည်ခွံများအား တွေ့ရှိရပြီး ကျန်သည့် အလောင်း ၁၄ လောင်းကိုမူ အတည်ပြုနိုင်ရေး ကြိုးစားနေကြသည်ဟု ဆိုသည်။

အသတ်ခံရသော ပြည်သူ ၁၉ ဦးတွင် အမျိုးသမီး ၂ ဦးနှင့် ကလေးတစ်ဦး ပါဝင်သည် ဟု ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

“အသတ်ခံထားရတဲ့ထဲမှာ အမျိုးသမီးနှစ်ဦးပါ ပါတယ်။ အဲ့ထဲမှာ အမျိုးသားက ၁၇ ဦးပေါ့နော်။ အသက် ၁၈ နှစ် မပြည့်သေးတဲ့ ကလေးငယ်တစ်ဦးပေါ့နော်။ ကျနော်တို့ လောလောဆယ်ရထားတာ Dead body ၅ လောင်းပေါ့နော်။ သူတို့ရဲ့ ကိုယ်ရေး အချက်အလက်တွေ ကောလင်းဒေသခံဖြစ်တဲ့ ၅ လောင်းကို ရထား ပါ တယ်။ အဲ့ဒီထဲမှာ တစ်ယောက်က အသက် ၁၈ နှစ် မပြည့်သေးပါဘူးဗျ။”

စစ်ကောင်စီဘက်မှ ထိုနေရာအနီးတွင် ကင်းပုန်းများ ဝပ်နေသဖြင့် ကျန်ရှိနေသေးသော ရုပ်အလောင်းများအား ပြန်လည်သယ်ယူရန် ခက်ခဲနေသည်ဟု ကောလင်းမြို့နယ် ပအဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဲဒီအသတ်ခံထားတဲ့နေရာ အနီးတစ်ဝိုက်ကို ကျနော်တို့ ကာကွယ်ရေးတပ်တွေ သွားရောက်နိုင်ခြင်း မရှိ သေးပါဘူးဗျ။ အဲ့နားမှာခွေးက ကင်းပုန်းထိုးထားတာ ရှိပါတယ်။ ခွေးကင်းပုန်းကတော့ နည်းနည်း နောက် ဆုတ် သွားပြီဗျ။ ကာကွယ်ရေးတပ်ဖက်က dead body သွားကောက်လို့ မရသေးပါဘူးဗျ။ မှတ်တမ်းယူတာ တွေ သွားလုပ်လို့ မရသေးပါဘူးဗျ။ အဲ့ဒီကိစ္စကို ကျနော်တို့ ဝန်းသိုနယ်ဘက်ကို ဆက်လက် စုံစမ်းလျက် ရှိ နေပါသေးတယ် ခင်ဗျ။”

စစ်ကောင်စီတပ်မှ အဆိုပါ ခရီးသွားကုန်သည် ပြည်သူ ၁၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည့် နောက်တွင် အဆိုပါ နေရာဘက် အနီးတစ်ဝိုက်၌ ဗုံးကွဲသံကြားရခဲ့ရပြီး ထိုဖမ်းဆီးခံရသော ပြည်သူများ အသတ်ခံခဲ့ရ သည်ဟု ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း ကောလင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်များမှ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ တပ်မှ မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ပြန်လည် ထိုးစစ်ဆင်နေပြီး ဇန္နဝါရီလ ၂ရက်နေ့ ကလည်း ဝန်းသိုဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်မှာ ကောလင်းစျေးအတွင်းသို့ ကျရောက်ပေါက်ကွဲ ခဲ့ပြီး ပြည်သူ ၆ ဦး သေဆုံးခဲ့သည်။