သရက်ချောင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁၁ ရက်။
သရက်ချောင်းမြို့နယ်၊ ပြင်းဖြူသားကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံခဲ့ရသည်ဟု ရွာသားများက ပြောသည်။
အသက် ၄၀ အရွယ် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်း၏ နေအိမ်သို့ ရောက်ရှိလာသူ လူ ၅ ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက “သူက မနှစ်ကလည်း တစ်ခါခံရပြီးတာ မမှတ်ဘူး။ ပုံမှန်ဆိုရင် ည ဘက် အိမ်မှာ မအိပ်တတ်ဘူး။ ရွာမှာပွဲရှိနေ တော့ ပွဲကိုကြီးကြပ်ရင်း အိမ်မှာ ရှိနေတုန်းဖြစ်သွားတာ” ဟု ပြောသည်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းအား နေအိမ်တွေ ရှိနေချိန် အမည်မသိ လူ ၅ ဦးက ဇန္နဝါရီလ ၉ ရက်နေ့၊ ည ၁၀ နာရီအချိန်ခန့်က လာရောက်ပစ်သတ်သွားခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။
ဦးဇော်ဝမ်းသည် NLD အစိုးရလက်ထက်တွင်လည်း အုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး အာဏာသိမ်းပြီး နောက်တွင်လည်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအပြင် ပျူစောထီးခေါင်းဆောင် အဖြစ်ပါ ဆက်လက် လုပ်ကိုင် နေသူ တစ်ဦးဖြစ်ကြောင်း ရွာသားများက ဆိုသည်။
ထို့အပြင် ဦးဇော်ဝမ်းသည် အနီးအနားရှိ အခြားကျေးရွာများက စစ်ဘေးရှောင်များကို ၎င်းအုပ်ချုပ်သည့် ရွာတွင် လက်မခံဖို့ ၎င်း၏ရွာသားများကို ပြောဆိုထားသည်ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လကလည်း သရက်ချောင်းမြို့နယ်၊ ချောက်ချောင်းကျေးရွာ လမ်းပိုင်းတစ်နေရာတွင် ဦးဇော်ဝမ်း စီးလာသည့်ကား တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိကာ ဆေးကုသမှုခံယူခဲ့ရသေးသည်။
ဦးဇော်ဝမ်းပစ်သတ်ခံရသည့် ညတွင်းချင်း၌ ပြင်းဖြူသားကျေးရွာနှင့် အနီးတဝိုက်ရှိ အခြားကျေးရွာများဖြစ်သည့် ဆီတော၊ မင်းဒပ်၊ ချောင်းဝပြင်၊ ရေချိုချောင်း၊ ကမြိုင် နှင့် ရငဲ စသည့်ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ရွာသားများက ပြောသည်။
ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် ရငဲကျေးရွာမှ နေအိမ်တစ်ဆောင်ကို ထိမှန်ပြီး မီးလောင် ပျက်စီးသွားခဲ့သည့်အပြင် ရွာသားများလည်း ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေကြရသည်။