ပြောင်းဈေးနှုန်းကျသဖြင့် ရှမ်းတောင် တောင်သူများ အရှုံးပေါ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၂၄ ရက်။

ပြောင်း ဈေးနှုန်း ဆက်တိုက် ကျဆင်းနေမှုကြောင့် ရှမ်းပြည်နယ် တောင်ပိုင်းမှ ပြောင်းတောင်သူများ အနေဖြင့် အရှုံးပေါ်နေသည်ဟု ပွဲရုံပိုင်ရှင်များနှင့် ပြောင်းစိုက်တောင်သူများက ပြောသည်။

ယခင် တစ်ပိဿာ ၁,၂၀၀ – ၁,၃၀၀ ကျပ်ဝန်းကျင်မှ ဇန္နဝါရီလ ပထမအပတ်မှစတင်၍ ၈,၀၀ ကျပ်ဝန်းကျင်သို့ ကျဆင်းလာခြင်း ဖြစ်ပြီး အချို့ ပွဲရုံများတွင် ကျပ် ၅,၀၀ ခန့်သာ ပေးဝယ်သည်ဟု ဆိုသည်။

ပင်လောင်းဒေသခံ တောင်သူ တစ်ဦးက “ဒီနှစ် တော်တော်ကို အရှုံးပေါ်တယ်။ နောက်လုံးဝ မစိုက်တော့ဘူး။ အလုပ်သမားခတက်၊ ခြွေခတက်၊ မြေဩဇာ ဘာညာ အကုန်တက်။ ထွက်လာတော့ ဈေးကောင်းမရ။ ပွဲရုံတွေ ကလည်း ဈေးကစားတယ်။ ပြောင်းနည်းရင် ဈေးကောင်း‌ ပေးဝယ်တယ်။ ဈေးရလို့ အများကြီး ထပ်လာ ရောင်းရင် ဈေးနှိမ်တယ်” ဟု ပြောသည်။

ပြောင်းဈေးကျရခြင်းမှာ မြေပြင်တိုက်ပွဲ အခြေအနေများအရ အများဆုံးဝယ်ယူနေသည့် ထိုင်းနိုင်ငံနှင့် တရုတ် နိုင်ငံသို့ တင်ပို့ရန် မလွယ်ကူခြင်း၊ ပြောင်းပိုးကျခြင်း၊ ပြောင်းမျိုး အတုများနှင့် သက်တမ်းကုန်ဆုံးသည့် ပြောင်း မျိုးစေ့များကြောင့် အထွက်နှုန်းနည်းခြင်း စသည့် အကြောင်းအရာများကြောင့် ဖြစ်သည်ဟု ပြောင်းစိုက် တောင် သူများက ပြောသည်။

ထို့အပြင် စစ်ကောင်စီမှ ပြောင်းမျိုးစေ့များ တင်သွင်းရန် တစ်ဒေါ်လာ မြန်မာငွေကျပ် ၂,၁၀၀ ကျပ်နှုန်းဖြင့် ဖြတ် သော်လည်း အပြင်ပေါက်ဈေးတွင် ၃,၄၀၀ ကျပ် ပေးဝယ်ရခြင်းနှင့် ပြောင်းကား တစ်စီးလျှင် အခွန် ဂျူတီကြေး အဖြစ် သိန်း ၇၀ အထိ စစ်ကောင်စီ လက်အောက်ခံ အကောက်ခွန်ဌာနအား ပေးဆောင်ရခြင်းတို့ကြောင့်လည်း ပါဝင်သည်ဟု ဆိုသည်။

ဆီဆိုင်ဒေသခံ တောင်သူ တစ်ဦးက “ခါတိုင်း နှစ်ဆို ထိုင်းအစိုးရက ၂ လပိုင်းကနေ ၈ လပိုင်းအထိ အခွန်သက် သာ ခွင့်ပေးတော့ ဈေးကောင်းရတယ်။ ၂ လပိုင်းကတော့ တစ်ချက် စောင့်ကြည့်ရမယ်။ ဈေးကောင်းရဖို့က အကြောင်းအရာ အများကြီး မူတယ်တယ်။ ထိုင်းက သက်သာခွင့်ပေးလည်း ပြည်တွင်း ဝါးလုံးတားဂိတ်တွေမှာ ပေးရရင် ဘာမှ မထူးဘူး” ဟု ပြောသည်။

လက်တွေ့တွင် ပြောင်းဈေး ကျဆင်းနေသော်လည်း ၂၀၂၃ ခုနှစ်အတွင်း ဘရာဇီး နိုင်ငံသို့ ပြောင်းတန်ချိန် ၅၅ သန်းကျော် တင်ပို့နိုင်ခဲ့သည်ဖြစ်ရာ ၂၀၂၂ ခုနှစ် ၄၃ သန်းကျော်နှင့် နှိုင်းယှဉ်လျှင် အထွက်နှုန်း ပိုများပြီး တောင်သူ များ အနေဖြင့်လည်း ဈေးကောင်းရကြသည်ဟု စစ်ကောင်စီက ဝါဒဖြန့်ထားသည်။

ရှမ်းပြည်နယ် တောင်ပိုင်းရှိ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်၊ ညောင်ရွှေ၊ ကလော စသည့် မြို့နယ်များတွင် ပြောင်းကို စိုက်ပျိုးကြပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးမှု ၄၉ ရာခိုင်နှုန်းခန့်မှာ ရှမ်းပြည်နယ်အတွင်းကသာ ဖြစ်သည်ဟု စိုက်ပျိုး ရေး သတင်းအရင်းအမြစ်များက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင်လည်း ပြောင်းဈေး ၈၀၀ ကျပ်ဝန်းကျင်အထိ ကျဆင်းခဲ့ဖူးပြီး လပိုင်းခန့် ဈေးအနည်းငယ် ပြန်တက်လာပြီးနောက် ယခု ၂၀၂၄ ခုနှစ် အစပိုင်းတွင် ဈေးထပ်ကျခြင်း ဖြစ်သည်ဟု ဆိုကြသည်။