ဗန်းမော်တွင် အရပ်သား ၁၀၀ ခန့် ဖမ်းဆီးခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၂၆ ရက်။
ဗန်းမော်မြို့တွင် အင်အား ၅၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့်အဖွဲ့က ဒေသခံ ပြည်သူ အယောက် ၁၀၀ ခန့်ကို ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် သွားလာနေသည့် လမ်းသွားလမ်းလာများပါ မကျန် ဖမ်းဆီးခံရခြင်း ဖြစ်သည် ဟု ထွက်ပြေးလွတ်မြောက်လာသူ တစ်ဦးက ပြောသည်။
ဗန်းမော်ဒေသခံ အမျိုးသားတစ်ဦးက “ဟို ၂၄ ရက်နေ့က ပေါ်တာဆွဲတယ်။ လူအယောက် ၁၀၀ ကျော်ပါသွား တယ်။ ရပ်ကွက်က လူတွေလည်းပါသွား တယ်။ ကျနော်က ဈေးကနေအပြန် ဖမ်းနေတယ်ဆိုလို့ ပြေးတာ။ တွေ့တဲ့လူ အကုန်ဖမ်းတာ ဟုတ်တယ်။ ဗန်းမော် ကမ်းနားလမ်း ဈေးနားမှာ အဓိကဖမ်းတာ။ အခုတော့ အဲ့ သတင်းက ပြန်ငြိမ်နေတယ်။ အခုချိန်ထိ ဘာသတင်းမှ သေချာမရသေးဘူး။ ကား ၃ စီး အပြည့်တင်သွား တယ်လို့ ပြောကြတယ်” ဟု ပြောသည်။
ဗန်းမော်မြို့တွင် ဇန္နဝါရီလ ၂၄ ရက်နေ့၊ ည ၅နာရီခွဲအချိန်ခန့်တွင် လမ်းသွားလမ်းလာပြည်သူများထဲက အမျိုး သား အများစုဖြစ်ပြီး အယောက် ၁၀၀ ကျော်ခန့်အား ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ဆိုကြသည်။
အချို့က ပေါ်တာအတွက် ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု ခန့်မှန်းပြောဆိုနေကြသော်လည်း ယနေ့အချိန်ထိ မည် သည့်ကိစ္စရပ်ကြောင့် ဖမ်းဆီးသွားသည်ကို အတည်မပြုနိုင်ကြသေးပေ။ ယခုဖမ်းဆီးခံရသူများထဲ သက်လတ် ပိုင်း အမျိုးသားများက အများပိုင်းဖြစ်ပြီး အမျိုးသမီးအချို့လည်းပါသည်ဟု ဆိုကြသည်။
ပေါ်တာဆွဲပြီးနောက် ဗန်းမော်မြို့၊ ဧရာဝတီမြစ်ဘေးရှိ ကမ်းနားဈေးက ဆိုင်ခန်းများ အားလုံးကိုပါ စစ်တပ်က ပိတ်ခိုင်းထားပြီး အနီးအနားရှိ ကျေးရွာများမှ ပြည်သူများကို မြို့အတွင်းသို့ မဝင်ခိုင်းဘူးဟု ဆိုကြသည်။
မြို့ခံတစ်ဦးက “တမြို့လုံး တင်ကားတွေက လျှောက်ပတ်နေတာ။ မြို့ထဲမှာဆို ကမ်းနားလမ်းက ဆိုင်ခန်းတွေ အကုန် ပိတ်ခိုင်းထားတယ်။ ရွာကလူတွေလာရင် မဝင်ခိုင်းဘူး။ ကမ်းနားကို မကပ်မခံတာ။ သူတို့က စက်လှေနဲ့ လာကြတာ။ မြစ်ကူးတံတားကလည်း ဖြတ်လိုက်ပြီ” ဟု ပြောသည်။
ယခုဖမ်းဆီးခံထားရသည့် သူများအား စစ်ကောင်စီတပ်က အတင်းအဓမ္မ ပေါ်တာထမ်းခိုင်းခြင်း၊ တိုက်ပွဲများထဲ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းနှင့် စစ်မှုထမ်းခြင်းများ ပြုလုပ်မည်ကို မိသားစုဝင်များက စိုးရိမ်နေကြသည်။
ဗန်းမော်ြမို့တွင် အင်တာနက်လိုင်းများပါ ဖြတ်တောက်ခံထားရသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်ပြီး လတ်တလော တွင် မကြာခဏဆိုသလို လက်နက်ကြီး ပစ်ခတ်သံများလည်း ကြားနေရသည်ဟု ဆိုကြသည်။
ဗန်းမော်ဒေသခံ အမျိုးသားက “လိုင်းဖြတ်တာ တစ်ပတ်လောက်ရှိပြီး Oredoo wifi ပဲရတာ။ ကျန်တဲ့ကဒ်တွေ က ဖြတ်တာ လိုင်းမရှိတော့ ဘယ်လို နေရမှန်းကိုမသိတာ။ ဘာလို့ဖြတ်လည်းတော့ မသိဘူး။ သူများပြောတာ တော့ တိုင်ထိသွားတာလို့လည်း ပြောတယ်။ တချို့ကလည်း စစ်ဖြစ်မှာမို့ ဖြတ်တာလည်း ပြောတယ်။ စစ်တပ် က ငှက်ပျောတောရွာဘက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်တာ။ အရင်ကဆို လူတွေလည်းသေတယ် ခဏခဏ ပစ် ပစ်နေတာ” ဟု ပြောသည်။
ထို့အပြင် ဒေသအတွင်းရှိ ဗန်းမော်ြမို့နှင့် ဆက်သွယ်ထားသည့် မန္တလေးလမ်း၊ မြစ်ကြီးနားလမ်းတို့အားလည်း ပိတ်ထားပြီး ဗန်းမော်မြို့ရှိ စင်ကင်ကျေးရွာအား ဆက်သွယ်ထားသည့် ကိုယ်ထူကိုယ်ထ တာပိန်မြစ်ဝါးတံတား ကိုလည်း ဇန္နဝါရီလ ၂၃ ရက်နေ့တွင် စစ်ကောင်စီတပ်က ဖျက်ဆီးလိုက်သည်ဟု ဆိုကြသည်။
ဗန်းမော်မြို့ခံ ပြည်သူများသည် လတ်တလောထွက်ပေါ်နေသည့် စစ်ရေးနှင့်ပတ်သက် သတင်းများကြောင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာမည်ကို စိုးရိမ်နေကြသည်။
ဓါတ်ပုံ – Crd (ဗန်းမော်ကမ်းနားတစ်နေရာ)