လေတပ်အရာရှိ တစ်ဦး၏ မိသားစုဝင်က ကမ်းခြေဆင်းလမ်းနှင့် သောင်မြေများ ခြံခတ်သိမ်းယူ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၃၀ ရက်။
ပုသိမ်လေတပ်က အရာရှိတစ်ဦး၏ မိသားစုဝင်က ငရုတ်ကောင်းကမ်းခြေ ဆင်းလမ်းနှင့် သောင်မြေများကို ခြံခတ် သိမ်းယူနေသည်ဟု ဒေသခံများက ပြောသည်။
ပုသိမ် လေတပ်စခန်းဌာနချုပ်က တိုက်လေယာဉ်မှူး တစ်ဦး၏ မိသားစုဝင်တစ်ဦးက ငရုတ် ကောင်း ပင်လယ်ကမ်းခြေမြို့ရှိ ကမ်းခြေဆင်းလမ်းနှင့် သောင်ထွန်းမြေများကို အဓမ္မ သိမ်းယူနေသည်ဟု ဆို သည်။
လေတပ် ပိုင်းလော့ဖြစ်သူ၏ မိသားစုဝင် အမျိုးသမီးက ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ငရုတ် ကောင်း ကမ်းခြေမြို့က နံသာပုကျေးရွာရှိ ဂေါ်ရန်ဂျီကျွန်း ကမ်းခြေဆင်းလမ်းမြေအပြင် ဆက်စပ်နေသော သောင်ထွန်း မြေများကို ခြံခတ်သိမ်းယူနေခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြော သည်။
ဒေသခံ ရွာသားတစ်ဦးက “သူ့ကိုယ်သူ ဝန်ကြီးချုပ် တူမတဲ့၊ တိုင်းမှူးကို သူပိုင်တယ်တဲ့၊ ရွာသားတွေကိုလည်း နင် တို့က ပီဒတ် (PDF) အားပေး တွေလား။ ဖမ်းချုပ်ပြီး သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ အခုလည်း ရွာသား တွေ ကမ်းခြေဆင်း အလုပ်လုပ်ရင် အမြဲအသုံးပြုနေတဲ့ လမ်းကို ခြံခတ်သိမ်းတော့ အားလုံး အခက်တွေ့ ကုန် တယ်” ဟု ပြောသည်။
ထို အမျိုးသမီးသည် သူမ၏ အမျိုးသား အရှိန်အဝါ၊ စစ်ကောင်စီ လက်အောက်ခံ တိုင်းဝန် ကြီးချုပ်နှင့် စစ်တိုင်းမှူးတို့၏ အရှိန်အဝါကို အသုံးပြုပြီး မြေယာအမှုပွဲစား၊ အမှုမျိုးစုံပွဲစား နှင့် အကြွေးတောင်း ပေးသော အမှုပွဲစား အလုပ်များကို လုပ်ကာ အကြပ်ကိုင် ငွေညှစ်ခြင်းကိုလည်း လုပ်လေ့ရှိသည် ဟု ပုသိမ်မြို့ခံ ပွဲစား အသိုင်းအဝိုင်းထံမှ သိရသည်။
အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ စွပ်စွဲခံရသူ အမျိုးသမီးအား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။
ထိုအမျိုးသမီးသည် အိမ်မဲမြို့နယ်အတွင်းက ငွေကြေး ပြေလည်သော မိသားစုဝင်ထဲက အမျိုးသမီးငယ်တစ်ဦး အား PDF နှင့် ပတ်သက်၍ တပ်ကဖမ်းထားသည့်အတွက် ပြန်လွှတ်ရန် ငွေကျပ်သိန်း ၃၀၀ ကုန်မည်ဟုဆိုကာ မိဘများအား ငွေညစ်တောင်းခဲ့ဘူးသူ ဖြစ်သည်ဟုလည်း လေတပ်စခန်းအတွင်းရှိ သတင်းအရင်းအမြစ်များက ဆိုသည်။
အဆိုပါ အမျိုးသမီးသည် ယခင်က ပုသိမ်မြို့ရှိ ပလက်တီနမ် အိမ်ယာတွင် ဘားခန်း၊ အနှိပ်ခန်းနှင့် ကန်ကြီး ထောင့်မြို့တွင် KTV နှင့် အနှိပ်ခန်းများကို ဖွင့်ခဲ့သူလည်း ဖြစ်သည်။
ကန်ကြီးထောင့်မြို့တွင် KTV နှင့် အနှိပ်ခန်းများ ဖွင့်ခဲ့သောကြောင့် ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းက ပြည့်တန်ဆာမှုဖြင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသော်လည်း မိသားစုဝင် စစ်ဗိုလ်၏ အရှိန်အဝါကြောင့် ပြန်လွှတ် ပေးလိုက်ရ သည် ဟု ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းက ဆိုသည်။
ထိုအမျိုးသမီးသည် အသက် ၄၀ နှစ်ဝန်းကျင်အရွယ်ရှိပြီး ပုသိမ်မြို့က နာမည်ကြီး စစ် ကောင်စီ သတင်းပေး အမျိုးသမီးတစ်ဦး၏ နောက်ကွယ်က ကြိုးကိုင်သူ ဖြစ်ကာ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ခွင့်ပြုချက်ဖြင့် ဖွဲ့ထားသော ပြည်သူ့အသံသတင်းအဖွဲ့၌လည်း ပါဝင်သည်ဟု ဒေသခံ များက ဆိုသည်။
ဓါတ်ပုံ – ငရုတ်ကောင်းကမ်းခြေဒေသ (Crd)