သောင်မတင် ရေမကျ
ပီတာရေးသည်။
သတင်းနှင့် မီဒီယာ ကွန်ရက်။
ဇန္နဝါရီလ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။
ရောဂါသည် စစ်ဘေးရှောင် မုဆိုးမ မော်မာရီး
“ဒီမှာက မလိုဘူးတဲ့ စိတ်ကိုပဲတင်းထား ပျော်အောင်နေလို့ပြောတယ်”
အသက် ၆၀ အရွယ် မော်မာရီး (အမည်လွှဲ)သည် စစ်ရှောင်ဘဝ မရောက်ခင်ကတည်း ဆေးဝါးအမျိုးမျိုးကို နေ့စဉ် သောက်သုံးနေခဲ့ရသည်။
မော်မာရီမှာ ဆီးချို၊ သွေးတိုး၊ လေးဘက်နာ နဲ့ နှလုံးကျဉ်းရောဂါ စတဲ့ နာတာရှည်ရောဂါ အများအပြားကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။
မော်မာရီးသည်ရောဂါသည်တစ်ဦးဖြစ်နေသည့်အလျှောက် ကျန်းမာရေးစောင့်ရှောက်မှု အမြဲမပြတ် ခံယူရန် သူမအတွက် အလွန်အရေးကြီးသည်။ သူမ၏ရောဂါအခြေနေနှင့် သူမရောက်ရှိနေသော ဒေါနိုးကူးစစ်ရှောင်စခန်းအတွင်း ကျန်းမာရေးစောင့်ရှောက်မှုကိုယခုလိုပြောသည်။
“ဆေးကတော့ဘာရောဂါပဲဖြစ်ဖြစ် Paraပဲ အရင်ကကျွန်မက ရောဂါသုံးလေးမျိုးလောက်ရှိတော့ ဆေး၇မျိုးလောက်သောက်ရတယ် ဒီမှာရောက်တော့နှစ်မျိုးပဲသောက်ရတယ် ဆီးချိုသွေးတိုးဆေးပဲ သောက်နေရတယ် ဆီးချိုသွေးတိုး၊ လေးဖက်နာ၊ နှလုံးသွေးကြောကျဉ်းရောဂါရှိတယ် ဒီမှာရောက်တော့ နှလုံးသွေးကြောကျဉ်းရောဂါအတွက်ဆေးမရှိလို့မသောက်ရတော့ဘူး အရင်က ဆရာဝန်သောက်ခိုင်းလို့ သောက်ရတယ် ဒီမှာက မလိုဘူးတဲ့ စိတ်ကိုပဲတင်းထား ပျော်အောင်နေလို့ပြောတယ်”
မော်မာရီး၏ရောဂါအခြေနေအရ ဆေးများအားဆရာဝန်၏ ညွန်ကြားချက်အတိုင်း ဆေးသောက်နေရပြီး ဒေါနိုးကူးစစ်ရှောင်စခန်းတွင်ရှိသော ဆေးများမှာ ထိုင်းနိုင်ငံထုတ်ဆေးဝါးများဖြစ်ပြီး ဆရာဝန်လည်း မရှိသဖြင့်မော်မာရီးအတွက်အခက်တွေ့စေသည်။
၂၀၁၉ခုနှစ်တွင်လည်း အာရုံကြော ချို့ယွင်းပြီး လေဖြန်းဝေဒနာခံစားခဲ့ရကာ ခွဲစိတ်မှုခံယူခဲ့ရပြီး နောက် နေ့စဉ်ဆေးစွဲသောက်နေရသူတစ်ဦးဖြစ်သည်။
“ပြီးတော့ကျွန်မက အသက်ရှုရင်ပုံမှန်မဟုတ်ဘူး ဆရာဝန်နဲ့သွားပြရင်လည်း ဆရာဝန်မရှိဘူး ဆရာမတွေပဲရှိတယ် ကျွန်မသောက်တဲ့ဆေးကဒီမှာမရှိဘူး ပြည်တွင်းမှာပဲရှိတော့ ပြန်မှာလို့လည်းမရဘူး ဒီကဆရာမတွေကိုမေးကြည့်လည်းဆေးတွေကမတူတော့ သူတို့လည်း မပေးတတ်ဘူးလို့ပြောတယ် ပြည်တွင်းကဆေးလက်မှတ်ယူလာပေမယ့် အသုံးမဝင်ဘူးအားဆေးလည်း မတိုက်တော့ဘူး သွေးတိုးရှိနေလို့တဲ့ ကျန်းမာရေးကပိုပြီးတော့မဆိုးလာသေးပေမယ့် ခွဲစိတ်ထားတာရှိတော့ တစ်ကိုယ်လုံး ကိုက်ခဲနေတာတော့ရှိတာပေါ့”
မော်မာရီးတွင် သား ၆ ဦးရှိပြီး သားအကြီးဆုံးမှာ ၂၄နှစ်ရှိပြီဖြစ်ပြီး သားအငယ်ဆုံးမှာ ၉ နှစ် ရှိပြီဖြစ်သည်။ သူမ၏အမျိုးသားမှာ သားအငယ်ဆုံးကိုယ်ဝန်ရှိနေချိန်တွင်ဆုံးပါးသွားခဲ့သည်။
သူသည် ကရင်နီပြည်၊ ဖရူဆိုမြို့တွင်နေထိုင်သူဖြစ်ပြီး ကရင်နီတော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားမှုကြောင့် ၂၀၂၂ ဇွန်လတွင် ဒေါနိုးကူးစစ်ရှောင်စခန်းသို့ စတင်ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ရောဂါသည်၏ ၅ ရက် တာခရီးကြမ်း
သားနဲ့ တူလေးကကျွန်မကိုကုန်းပိုးတယ် တစ်ယောက်တစ်လှည့်စီ ပြီးတော့ကုန်းပေါ်ရောက်ရင်ကျွန်မကိုပြန်လွတ်ချ ခဏကြာရင်ရေထဲပြန်ဆင်းရင် ပြန်ပိုး အဲလိုလာရတယ်
မတ်စောက်သောတောင်တန်းများ ရေချောင်းအတိုင်းမနားတမ်းလျောက်ရမည့်ခရီး လမ်းသည် အသက်၆၀ အရွယ်ရောဂါသည် အမျိုးသမီးတစ်ဦးအတွက်မသင့်လျော်သောခရီးလမ်းဖြစ်သော်လည်း အခြားသောရွှေးချယ်စရာလမ်းမရှိတော့ပေ။
“၅ ရက်တောင်လမ်းလျှောက်ရတယ် ရေချောင်းအတိုင်း ပထမရက်စလျောက်တော့ ရေထဲလျောက်လို့ ရသေးတယ်၊ ဒုတိယရက်ရောက်တော့ ရေထဲလုံးဝမသွားရဲတော့ဘူး ဖျားသွားမှာစိုးလို့ ရေချောင်းထဲ လျောက်ရမယ့်နေရာရောက်ရင် သားနဲ့ တူလေးကကျွန်မကိုကုန်းပိုးတယ် တစ်ယောက်တစ်လှည့်စီ ပြီးတော့ကုန်းပေါ်ရောက်ရင်ကျွန်မကိုပြန်လွတ်ချ ခဏကြာရင်ရေထဲပြန်ဆင်းရင် ပြန်ပိုး အဲလိုလာရတယ်။ တစ်ချိန်လုံးရေထဲဝင်ရတော့ ကျွန်မကရေနေရာကြောက်တယ်လေ ရေထဲအကြာကြီးသွားလို့ နယ်စပ်အထိရောက်ရင် သေကိုသေမှာပဲ ဆိုပြီး ရေမထိရဲတော့လို့ ကုန်းပိုးခိုင်း လိုက်တယ် နောက်ဆုံးရက်မှာတော့ချောင်းရေကြီးလို့ရေကူးရတယ်လေ”
အာဏာမသိမ်းမီ ကရင်နီပြည်၊ လွိုင်ကော်မြို့မှ ထိုင်းနယ်စပ်သို့ ကားဖြင့်သွားလျင် ၄နာရီခန့်သာ ကြာမြင့်သော်လည်း စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်တစ်ဝှမ်း တိုက်ပွဲများဖြစ်ပွါးပြီး လွိုင်ကော်-ဒီမောဆို-ဖရူဆို-ဘောလခဲ-ဖာဆောင်း-မယ်စဲ့မြို့မှတစ်ဆင့်ထိုင်းနယ်စပ်သို့ ဆက်သွယ်ထားသော ပြည်ထောင်စုလမ်းမကြီးတစ်လျောက်လုံး တိုက်ပွဲများဖြစ်ပွားပြီးအသုံးပြု၍မရတော့ပေ။
“သွားလိုက် နားလိုက် ထမင်းချက်စားလိုက်အဲလိုပဲလုပ်ရတယ် ကိုယ့်ရိက္ခာနဲ့ကိုယ် ပြီးရင် ဟန်းဂေါ့တစ်လုံး အိုးတစ်လုံး ပြီးရင်ကျွန်မတို့မိသားစုက၇ယောက် ၈ယောက် ရှိတယ် ပြီးရင်ကျွန်မတို့ကိုစောင့်ပြီးသွားတဲ့ လမ်းပြရဲဘော်လေးယောက်ပါတယ် သွားလိုက် နားလိုက် ထမင်းချက်စားလိုက်နဲ့ နေ့ခင်း၁၂နာရီ ၁နာရီလောက်ဆို နားတဲ့နေရာရောက်ပြီ ဆက်သွားလို့တော့ရတယ်ဒါပေမယ့်ကျွန်မတို့ပင်ပန်းမှာစိုးလို့တဲ့ အနားပေးလိုက်ပြီး ညအိပ်တစ်ခါတည်းနားလိုက်တယ်”
ထိုခရီးလမ်းသည် ပင်ပန်းကြမ်းတမ်းသည်သာမက စစ်ကောင်စီတပ်စွဲထားသော တောင်ကုန်းအနီးတွင် ဖြတ်သွားရသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များမပါပဲထိုလမ်းအားသွား၍မရပါ။
ထို့ကြောင့်ထိုင်းနယ်စပ်သို့မဖြစ်မနေသွားရောက်လိုလျင် ၅ ရက်တာ လမ်းလျောက်သွားရသော ခရီးတစ်ခုတည်းကိုသာ ရွေးချယ်စရာ ကျန်တော့သည်။ ထိုလမ်းကို အမြဲတမ်းအသုံးပြုနေသော တော်လှန်ရေးရဲဘော်များပင် ၃ရက်ခန့်လမ်းလျောက်ရပြီးပင်ပန်းခက်ခဲသောခရီးလမ်းဖြစ်သည်။
မော်မာရီးနှင့်သူမ၏မိသားစုဝင်များသည် ထိုလမ်းအတိုင်း ၅ ရက် လမ်းလျောက်ပြီးနောက် ထိုင်း-ကရင်နီ နယ်စပ်ရှိဒေါနိုးကူးစစ်ရှောင်စခန်းကိုရောက်ရှိခဲ့သည်။
ဒေါနိုးကူးစစ်ရှောင်စခန်း
မည်သို့ပင်ဖြစ်စေတိုက်ပွဲများဖြစ်ပွားနေသောမိမိတို့၏နေရပ်ထက် ပို၍လုံခြုံမည်ဟု ထင်သောကြောင့်၎င်း လာရောက်နေထိုင်ကြခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များမှ ပြောသည်။
ဒေါနိုးကူးစစ်ရှောင်စခန်းသည်ထိုင်းနိုင်ငံအတွင်းရှိ အမှတ်၁ ဒုက္ခသည်စခန်းအနီး ကရင်နီပြည်ဘက်ခြမ်းတွင် တည်ရှိသည်။စစ်ရှောင်အိမ်ထောင်စု ၁၀၀၀ ဝန်းကျင်ခန့်ရှိပြီး လူဦးရေ၅၀၀၀ခန့် နေထိုင်လျက်ရှိပြီး ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာဒေသအသီးသီးမှ ထွက်ပြေး တိမ်းရှောင်လာကြသူများဖြစ်သည်။
မော်မာရီးကဲ့သို့ ထိုလမ်းအတိုင်းဖြင့်နယ်စပ်သို့ လာကြသောလူဦးရေမှာများစွာရှိနေကြပြီးဘေးကင်း လုံခြုံနိုင်သည့်နေရာကိုရှာဖွေကြရင်း ရောက်လာကြသူများဖြစ်ကြသည်။
ဒေါနိုးကူးစစ်ရှောင်စခန်းရှိ စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာများကို NGOအဖွဲ့စည်းဖြစ်သော ဆီထန်အဖွဲ့မှစားနပ်ရိက္ခာများထောက်ပံ့ပေးနေရပြီးမှုများရှိသော်လည်းအခြားသော အခက်ခဲများလည်း ရှိနေသည်ဟုမော်မာရီးမှပြောသည်။
“ကျွန်မတို့ရောက်တဲ့အချိန်တုန်းကတစ်လကိုတစ်ယောက်ဆန်တစ်ပုံးပေးတယ် ပုံမှန်တော့ပေးတယ် ၅နှစ်နဲ့အထက် ဆိုရင်တစ်ယောက်ကိုတစ်ပုံးရတယ် ၅နှစ်အောက်ကတစ်ပုံးအပြည့်မရဘူး ၆ပြည်ပဲရတယ်ရေကတော့နည်းနည်းလေးမှကိုအဆင်မပြေဘူး အချိန်နဲ့ပဲပေးခပ်တယ် ရပ်ကွက်၁ကတစ်ချိန် ရပ်ကွက်၂ကတစ်ချိန်အဲလိုပဲရတာ နွေရာသီဆိုရင်ရေလုံးဝမရှိတော့ဘူး အဝေးကြီးသွားခပ်ရတယ်”
ထိုကဲ့သို့သောအခက်ခဲများကို ကြုံတွေ့ရသည်မှာ မော်မာရီးတစ်ယောက်တည်းမဟုတ်ပါ။
မော်ပိုးမြာသည်လည်းစစ်ဘေးရှောင်ရင်း ဒေါနိုးကူးစစ်ရှောင်စခန်းသို့ ၂၀၂၃ ဖေဖော်ဝါရီလတွင် ရောက်ရှိလာပြီး သူမသည်လည်း ကျောက်ကပ်ရောဂါခံစားနေရသူတစ်ဦးဖြစ်သည်။ သူမအတွက် ကျန်းမာရေးအပြင်အခြားသောအခက်ခဲများလည်းရှိနေသည်။
“ဘာမဆိုဝယ်စားနေရတယ်မတတ်နိုင်တော့ဘူးလေ ငရုတ်သီးတစ်ထောင်းစာဆိုလည်း ဗမာငွေနဲ့နှစ်ထောင် မီးသွေးတစ်အိတ်ကိုတစ်သောင်းနှစ်ထောင် အဒေါ်ကလည်းဘာမှမလုပ်တတ် နည်းနည်းပါးပါး ဝင်ငွေရတဲ့ အလုပ်ရှိရင်တော်သေးတာပေါ့ အခုက ဘာမှလုပ်လို့မရတော့ ဒီအတိုင်းသူများကျွေးတာပဲ ထိုင်စားနေရတယ်”
မော်မာရီးနှင့်မော်ပိုးမြာကဲ့သို့ ဒေါနိုးကူးစစ်ရှောင်စခန်းလို့လာရောက်ရှောင်တိမ်းခြင်းအကြောင်းအရင်းမှာ ကရင်နီတစ်ပြည်လုံးတွင်တိုက်ပွဲများဖြစ်ပွားနေသဖြင့် ဘေးလွတ်ရာသို့ ရောင်တိမ်းရန် နေရာကျဉ်းမြောင်း လာခြင်း ကြောင့်၎င်း၊ မည်သို့ပင်ဖြစ်စေတိုက်ပွဲများဖြစ်ပွားနေသောမိမိတို့၏နေရပ်ထက် ပို၍လုံခြုံမည်ဟု ထင်သောကြောင့်၎င်း လာရောက်နေထိုင်ကြခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များမှ ပြောသည်။
ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသကဲ့သို့ ဘေးကင်းမည့်နေရာသို့ပြေးရှောင်သော်လည်း လေယာဉ်ဗုံးဒဏ်နှင့် လက်နက်ကြီးရန်မှမလွတ်ကင်းနိုင်ခဲ့ပဲ ဒေါနိုးကူးရှိစစ်ဘေးရှောင်များ၏ဘဝများမှာ မြေနိမ့်ရာ လှံစိုက်သကဲ့သို့ ဖြစ်ခဲ့ရသည်။
စစ်ကောင်စီမှဒေါနိုးကူး စစ်ဘေးရှောင်စခန်းအားပစ်မှတ်ထားတိုက်ခိုက်ခြင်း
စစ်ရှောင်စခန်းသို့ပြန်လည်နေထိုင်သည်မှာတစ်လပင်မကြာသေးပဲ စစ်ကောင်စီမှစစ်ရှောင်စခန်းအနီးသို့လက်နက်ကြီးဖြင့်အဆက်မပြတ်ပစ်ခတ်မှုများကြောင့် ထိုင်းနိုင်ငံအတွင်းသို့ လူဦးရေ ၈၀၀ ခန့် တတိယအကြိမ်သွားရောက်ခိုလှုံ ခဲ့ကြရပြန်သည်။
၂၀၂၃ နှစ်စပိုင်းတွင် စစ်ကောင်စီလေယာဉ်များမှ လာရောက်ထောက်လှမ်းမှုများရှိသဖြင့် စစ်ဘေးရှောင်များ ကြောက်လန့်ပြီး ထိုင်းနယ်အတွင်းသို့ပထမအကြိမ်ဝင်ရောက်ခိုလှုံခဲ့ကြရသည်။
ထို့နောက်၂၀၂၃ခုနှစ် ဇူလိုင်လ၁၂ရက်နေ့ မနက်၁နာရီခန့်တွင် ဒေါနိုးကူးစစ်ရှာင်စခန်းအား စစ်ကောင်စီမှ လေကြောင်းမှ ဗုံး၅လုံးဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်။
ထိုသို့တိုက်ခိုက်မှုကြောင့်စစ်ဘေးရှောင် တစ်ဦးသေဆုံးကာနှစ်ဦးဒဏ်ရာရရှိခဲ့ပြီး ဆေးခန်းနှင့် ဆယ်သဲ စာသင်ကျောင်းဆောင်ပျက်စီးခဲ့ပြီး စစ်ဘေးရှောင်များထိုင်းနိုင်ငံဘက်ခြမ်းသို့ ဒုတိယအကြိမ် ဝင်ရောက် ခိုလှုံခဲ့ကြရသည်။
၂၀၂၃အောက်တိုဘာလအတွင်းဒေါနိုးကူးစစ်ရှောင်စခန်းတွင်အခြေနေများပြန်လည်တည်ငြိမ်သဖြင့် ထိုင်းအာဏာပိုင်များကစစ်ရှောင်စခန်းအတွင်းသို့ပြန်လည်နေထိုင်ရန်ဖိအားပေးခဲ့သဖြင့်ပြန်လည်နေထိုင်ခဲ့ကြသည်။
စစ်ရှောင်စခန်းသို့ပြန်လည်နေထိုင်သည်မှာတစ်လပင်မကြာသေးပဲ နိုဝင်ဘာ၁၃နှင့် ၁၄ရက်နေ့တွင်လည်း စစ်ကောင်စီမှစစ်ရှောင်စခန်းအနီးသို့လက်နက်ကြီးဖြင့်အဆက်မပြတ်ပစ်ခတ်မှုများကြောင့် ထိုင်းနိုင်ငံအတွင်းသို့လူဦးရေ၈၀၀ခန့် တတိယအကြိမ်သွားရောက်ခိုလှုံ ခဲ့ကြရပြန်သည်။
လက်နက်ကြီးများစစ်ရှောင်စခန်းအနီးကျရောက်မှုကြောင့် ထိုင်းနယ်အတွင်းသို့ ပြန်လည် ခိုလှုံကြရသလို စစ်ရှောင်စခန်းအနီးတွင်လည်းတဲထိုးပြီးနေကြသူများနှင့် နေရပ်သို့ပြန်ကြသူများလည်း ရှိနေသည်။
ထိုကဲ့သို့စစ်ဘေးရှောင်များနေရာတကွဲတပြားရောက်ရှိကုန်သဖြင့်လက်ရှိ စစ်ရှောင်စာရင်းကို ပြန်လည်ပြုစုရန်အခက်ခဲများရှိနေသည်ဟုစစ်ရှောင်ကူညီသူများမှပြောသည်။
ထိုင်းနယ်အတွင်းမှစစ်ရှောင်ဘဝများ
“အခုကအကုန်ပြန်မောင်းတက်တော့ ပြန်တက်တဲ့သူတွေရှိတယ် အကုန်ပြန်တက်ခိုင်းပြီ ပြန်မတက်ရင် သူတို့နေခိုင်းတဲ့ အဝေးကြီးတစ်နေရာမှာ သွားနေရမယ်လို့ပြောတယ်”
တတိယအကြိမ်ထိုင်းနယ်အတွင်း သို့ပြန်လည်ခိုလှုံနေကြသောစစ်ဘေးရှောင်များကို ထိုင်းအာဏာပိုင် များမှ နေထိုင်ခွင့်ပြု သော်လည်း သတ်မှတ်ချက်များရှိနေသည်ဟု စစ်ရှောင်ကူညီသူတစ်ဦးမှပြောသည်။
“သူတို့ရဲ့ပေါ်လစီအရတော့အများဆုံးနှစ်လနေခွင့်ရှိတယ် ဒါပေမယ့်ငြိမ်ရင်ပြန်တက်အဲလိုပဲ ဒေါနိုးကူးမှာ အခြေနေငြိမ်ပြီဆိုရင် ပြန်ပြန်ပေါ့နော ဒါပေမယ့် အခြေနေဆိုးသေးတယ်ဆိုရင်တော့ သူတို့ လက်ခံ ထားပေးတယ်( သတ်မှတ်ပေးထားသော)ညောင်ပင်အောက်ပဲပေါ့နော တခြားနေရာသွားလို့မရဘူး”
လက်ရှိထိုင်းနိုင်ငံအတွင်း ဝင်ရောက်ခိုလှုံနေကြသော ဒေါနိုးကူးစစ်ဘေးရှောင်များအား အခြေနေ ပြန်လည်တည်ငြိမ်ပြီဟုဆိုကာ ယခုလ အတွင်းဒေါနိုးကူးစစ်ရှောင်စခန်းသို့ ပြန်လည်နေကြရန် ထိုင်းအာဏာပိုင်များမှလာရောက်အသိပေးထားသည်ဟု မော်မာရီးမှပြောသည်။
“အခြေနေကလုံးဝငြိမ်သက်သွားပြီဆိုရင်ပြန်တက်ခိုင်းတယ် တစ်ချို့ကတော့ ဆွေမျိုးတွေရှိတဲ့ စခန်းထဲမှာသွားနေကြတယ် တစ်ချို့ကတော့ပြန်တက်ကုန်ပြီ အခုကအကုန်ပြန်မောင်းတက်တော့ ပြန်တက်တဲ့သူတွေရှိတယ် အကုန်ပြန်တက်ခိုင်းပြီ ပြန်မတက်ရင် သူတို့နေခိုင်းတဲ့ အဝေးကြီးတစ်နေရာမှာ သွားနေရမယ်လို့ပြောတယ်”
ဒေါနိုးကူးစစ်ရှောင်စခန်းအတွင်းပြန်လည်မနေထိုင်လိုသောစစ်ဘေးရှောင်များအား ထိုင်းအာဏာပိုင်များမှ စီစဉ်ပေးသည့်နေရာတွင် နေထိုင်ရန် စီစဉ်ပေးမည်ဟုထိုင်းအာဏာပိုင်များမှဆိုသည်။ သို့သော်ထိုနေရာသည် ထိုင်း-ကရင်နီ နယ်စပ်နှင့်အလှမ်းဝေးလွန်းသဖြင့် စစ်ဘေးရှောင်များ ထိုနေရာသို့ သွားရောက်နေထိုင်ရန် အဆင်မပြေဖြစ်နေကြသည်ဟုစစ်ရှောင်ကူညီသူများမှပြောသည်။
ဒေါနိုးကူးစစ်ရှောင်များနှင့်ပါတ်သက်၍ မည်သူ မည်သို့
မြန်မာနိုင်ငံတွင်စစ်အာဏာသိမ်းပြီးနောက် နောက်ထပ်မြန်မာဒုက္ခသည် ၄၅,၀၀၀ ကျော် ထိုင်းနယ်စပ်သို့ ထွက်ပြေးနေကြရသည်ဟုလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ HRW မှထုတ်ပြန်ထားသည်။
ထိုသို့ကရင်နီအပါအဝင်ထိုင်းနယ်စပ်တစ်လျောက် စစ်ဘေးရှောင်များ များပြားလာသည့်အခြေနေတွင် ထိုင်း-ကရင်နီနယ်စပ် အပါအဝင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ စစ်ဘေး ဒုက္ခသည်များအား လက်ခံသွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara မှ ဒီဇင်ဘာလ ၃ ရက် နေ့က ပြောကြားထားသည်။
ထိုသို့ထိုင်းအစိုးရ၏ပြောကြားချက်အတိုင်းစစ်ဘေးရှောင်များအားအမှန်တစ်ကယ်ကူညီလိုလျင် စစ်ဘေးရှောင်များ၏အခြေခံလိုအပ်ချက်များအားထည့်သွင်းစဉ်းစားစေလိုသည်ဟု ကရင်နီအမျိုးသမီး အစည်းအရုံးKNWO အတွင်းရေးမှုး ၂ မော်ဖရေးမြာမှပြောသည်။
“အကယ်၍သာသူတို့စိတ်ရင်းစေတနာနဲ့လက်ခံပေးတယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ အထူးသဖြင့် ကိုယ်ဝန်သည်တို့ ၅နှစ်အောက်ကလေး သက်ကြီးရွယ်အိုတွေရဲ့နေရမယ့်နေရာတစ်ခုကိုပေါ့ အဓိကက ထိုင်း-ကရင်နီနယ်စပ်ပေါ့ တစ်ချိန်ကြရင် ကိုယ့်ပြည်နယ်ကိုပြန်လာလို့ရတဲ့ အနေထားမျိုးမှာ ပိုပြီး လွယ်ကူတဲ့ ခရီးမျိုး ဥပမာဟိုး တာချီလိတ်တို့ဘာတို့ ကိုယ့်ကရင်နီနယ်စပ်မဟုတ်ပဲနဲ့ တခြားနေရာ ရွှေ့ပြီး ထားတာမျိုးတော့ အဆင်မပြေဘူးပေါ့နောအဓိကခုနကအုပ်စုတွေကို ပိုပြီးတော့မှ ဘေးကင်းလုံခြုံတယ် ရုပ်ပိုင်းစိတ်ပိုင်း နေထိုင်လို့ကောင်းတဲ့နေရာမျိုးပေါ့ ကျန်းမာရေးအရ ကလေးခွဲမွေးချင်တာတို့ နာတာရှည်ရောဂါအရ ခွဲစိတ်ရတာမျိုးတို့ အဲလိုမျိုးပေါ့နော ကျန်းမာရေးနဲ့ လက်လှမ်းမှီတဲ့ နေရာမျိုးတွေကိုလည်း ထားရှိစေချင်တယ် ပြီးရင်အဲဒီထားတဲ့နေရာတစ်ဝိုက်မှာလည်း ပညာရေးလည်း သင်ကြားလို့ရတဲ့နေရာ ကျန်းမာရေးလည်းလက်လှမ်းမှီတဲ့နေရာ သူတို့နေထိုင်ရမယ့်နေရာကလည်း ရေရမယ့်နေရာမျိုးပေါ့နော အကုန်လုံးပြီးပြည့်စုံ ၁၀၀ရာခိုင်နှုန်းမဟုတ်ရင်တောင်မှ ကျန်းမာရေး နဲ့အညီဖြစ်တဲ့ ဘေးပါတ်ဝန်းကျင်လိုမျိုးလည်း အရေးကြီးတယ်လို့ ကျွန်မထင်တယ်ပေါ့နော”
ယခုတစ်ကြိမ်အပါအဝင် ဒေါနိုးကူးစစ်ဘေးရှောင်များသည် စုစုပေါင်း၃ ကြိမ် ထိုင်းနယ်ထဲသို့ သွားရောက်ခိုလှုံနေကြရပြီး နေရာအတည်တကျနေထိုင်ခွင့်ကို ဒေါနိုးကူးစစ်ဘေးရှောင်များ နည်းတူ မော်မာရီးနှင့်မှလည်း မျော်လင့်နေသည်။
“ပြေးဆင်းလိုက် ပြန်တက်လိုက် ပြေးဆင်းလိုက် ပြန်တက်လိုက်နဲ့ ဒီတစ်ခေါက်ပါရင်၃ခေါက်ရှိပြီ တစ်ခါဆင်းလာလိုက် တဲတစ်ခါလာဆောက်လိုက် ပြန်တက်ရင်တစ်ခါပြန်ဖြုတ်လိုက်နဲ့ ဒီတစ်ခေါက်တော့ဘယ်လိုလုပ်ကြမလဲမသိသေးဘူး သူများမောင်းထုတ်လည်းသွားရမှာပဲ သူများနေခိုင်းလည်း နေရမှာပဲ ၊အရေးတော်ပုံအောင်တဲ့အထိနေလို့ရတယ်ဆိုရင်တော့ ကောင်းတာပေါ့ အခုကတစ်လနှစ်လပဲနေရမယ်ဆိုတော့ဘာထူးလဲ။”
လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ HRWမှလည်းထိုင်းအစိုးရအနေဖြင့် အသစ်ရောက်ရှိလာသော မြန်မာဒုက္ခသည်များအား လူသားချင်းစာနာမှုဆိုင်ရာ အကူညီတွေရနိုင်ခွင့်နှင့် အကာအကွယ်ရှာနေသောသူတွေများအား ကူညီခွင့်ပြုသင့်သည်ဟု ပြောဆိုထားပါသည်။
ထို့အပြင်ထိုင်းအာဏာပိုင်များအနေဖြင့်မြန်မာနိုင်ငံတွင် ဆိုးရွားသောအန္ဓရယ်ဖြင့်ရင်ဆိုင်နေရသော ဒုက္ခသည်များအား ပြန်မတွန်းပို့သင့်ကြောင်း တောင်းဆိုထားပါသည်။
ဒုက္ခသည်များအား လက်ခံသွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ပြောကြားချက်သည် ယခုချိန်ထိ ထူးခြားမှုမရှိသေးပဲ စစ်ဘေးရှောင်များအားနေရပ်သို့ပြန်လည်နေထိုင်ကြရန် ဖိအားပေးမှုများ ရှိနေဆဲဖြစ်သည်ဟုကရင်နီ အမျိုးသမီးအစည်းအရုံး အတွင်းရေးမှုး ၂ မော်ဖရေးမြာ မှဆက်ပြောသည်။
“တစ်ကယ်တမ်းကတော့ထိုင်းကတော့ သတင်းမှာဖော်ပြတာကတစ်မျိုးဖြစ်နေတယ် ဒါပေမယ့် မြေပြင်မှာတော့ လူသားချင်းစာနာထောက်ထားမှုအကူညီတွေ ပြီးရင် သူတို့လက်ခံပေးမယ့် ဟာတွေကတော့ နည်းနည်းလေးဆန့်ကျင်လိုမျိုးဖြစ်တယ် ဥပမာ နယ်စပ်တစ်လျောက်မှာ ရောက်နေတဲ့ စစ်ရှောင်တွေဆိုရင် သူတို့ အမျိုးမျိုးသောနည်းလမ်းနဲ့ပြန်ဖို့ကိစ္စကိုပဲ ကိုယ့်ရဲ့နယ်မြေမှာပဲ ပြန်နေဖို့ကိစ္စကိုပဲ ဖိအားပေးတာမျိုးတွေတော့ ကြုံနေရတယ်ပေါ့နော ဒါပေမယ့်သတင်းမှာ တက်လာတာကျတော့ အဲလိုပုံစံမျိုးနဲ့ဖော်ပြတာတစ်မျိုးတော့ဖြစ်နေတယ်ပေါ့နော”
ခါးသည်းသောဘဝများကို ဆက်လက်ခါးစည်းခံရဦးမည်။
မော်မာရီးနှင့် မော်ပိုးမြာတို့သာမက ဒေါနိုးကူးစစ်ဘေးရှောင်များသည် မိမိတို့အတွက် လုံခြုံနိုင်မည်ဟု ထင်သောနေရာသို့ တိုက်ပွဲများကိုရှောင်ပြေးရင်း မိမိတို့၏မွေးရပ်မြေကိုသာမက ကရင်နီပြည်နယ်အတွင်းမှ ထွက်ခွာတိမ်းရှောင်နေရသော်လည်း လုံခြုံသောနေရာတစ်ခုတွင်နေထိုင်ခွင့်ကို မရရှိကြသေးပေ။
ကိုယ့်နယ်မြေအတွင်း၌လုံခြုံမှုမရှိ တိုင်းတစ်ပါးကိုအားကိုး၍လည်း အတည်တကျ နေခွင့်မရသေးပဲ သောင်မတင် ရေမကျဘဝများဖြင့်ဆက်နေထိုင်နေကြရဆဲဖြစ်သည်။
မည်သို့ပင်ဖြစ်စေကာမူ ထိုကဲ့သို့သောခါးသီးလှသည့် စစ်ရှောင်ဘဝများကို ငြိမ်းချမ်းမှုမရှိသ၍ ဆက်ပြီးခါးစည်းခံနေကြရဦးမည်ဖြစ်သည်။