စစ်ကောင်စီ တပ်သားတစ်ဦး KNLA တပ်မဟာ (၄) ထံ လာရောက်ပူးပေါင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၉ ရက်။
ထားဝယ်မြို့နယ် အရှေ့တောဒေသမှ စစ်ကောင်စီ တပ်သားတစ်ဦး မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် လက်နက် နှင့်တကွ ပူးပေါင်းလာသည်ဟု KNU တပ်မဟာ (၄) ၏ မြိတ် – ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။
KNLA တပ်မဟာ (၄) ထံ လာရောက်ပူးပေါင်းသူမှာ အရှေ့တောဒေသ မောထာစခန်းတွင် တာဝန်ကျနေသည့် ထားဝယ်အခြေစိုက် (စကခ-၈) လက်အောက်ခံ အမှတ် – ၉၂၄ ထောက်ပို့တပ်မှ တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်သည်။
၎င်းတပ်သားမှာ ဧပြီလ ၁၇ ရက်နေ့တွင် လက်နက်နှင့်တကွ ခိုလှုံလာခြင်း ဖြစ်သည်။
မြန်မာ – ထိုင်းနယ်စပ်နှင့် တစ်နာရီခန့် ခရီးအကွာအတွင်ရှိသည့် မောထာတပ်စခန်း၌ လက်ရှိတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အယောက် ၅၀ ခန့် ကျန်ရှိနေသေးသည်ဟု ပဒိုစောအယ်နားက ဆိုသည်။
ပဒိုစောအယ်နားက “မောထာစခန်းမှာက အင်အားသိပ်မရှိတော့ဘူး၊ လက်နက်မချဘဲ သူတို့ဟာသူတို့ ထွက် ပြေးကြတာတွေ အများကြီးရှိတယ်လို့ သိရတယ်။ အခုလာတဲ့သူမှာ MA- 2 သေနတ် တစ်လက်ပါတယ်။ အဲ့ဒီ အတွက် ဆုငွေချီးမြှင့်ပေးပြီးရင် သူ့ရဲ့ဆန္ဒအတိုင်း ကူညီလုပ်ဆောင်ပေးသွားမှာပါ“ ဟု ပြောသည်။
ဧပြီလ ၁၄ ရက်နေ့ (သင်္ကြန်အကျနေ့) က လည်း သရက်ချောင်းမြို့နယ်၊ ဝင်းဝကျေးရွာရှိ စစ်ကောင်စီစခန်းကုန်း တွင် တာဝန်ကျနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးမှာလည်း KNLA နှင့် ပြည်သူ့ကာကွယ်ရေး တပ်များ ပူးပေါင်းထားသည့် ဖယ်ဒရယ်စစ်ကြောင်းထံ လာရောက်ပူးပေါင်းခဲ့သေးသည်။
သင်္ကြန်အကျနေ့ ညသန်းခေါင်ကျော် အချိန်ကလည်း ထီးထဗျူဟာ စခန်းကို စစ်ကူလာသည့် စစ်ကြောင်း တိုက်ခိုက်ခံရပြီးနောက် မြိတ်အခြေစိုက် ခလရ – ၁၀၃ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်း အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၄၈ ဦး KNLA တပ်မဟာ (၄) ထံသို့ လက်နက်ချ အညံ့ခံခဲ့သေးသည်။
ထားဝယ်ခရိုင်တွင် ပြီးခဲ့သည့် တစ်ပတ်အတွင်း ပြည်သူများဘက်ကို ကူးပြောင်းလာသူနှင့် လက်နက်ချအညံ့ခံသူ စစ်ကောင်စီ အရာရှိ အပါအဝင် စုစုပေါင်း ၅၂ ဦးရှိပြီဖြစ်သည်။
တနင်္သာရီတိုင်းတွင် စစ်တပ်က အာဏာသိမ်းထားသည့် ကာလအတွင်း ပြည်သူရင်ခွင်ကို ခိုလှုံလာသည့် ရဲနှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် အရေအတွက်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ အထိ ၂၃၅ ဦးရှိကြောင်း တိုင်း ပြည်သူ့ကာကွယ် ရေး အဖွဲ့မှ ထုတ်ပြန်ထားသည်။