ကိုးကန့်တပ်နှင့် တအာင်းတပ်က သိမ်းယူနိုင်ထားသည့် မြို့များ၌ အုပ်ချုပ်ရေးယန္တရား စတင်
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်။
၁၀၂၇ စစ်ဆင်ရေးထဲ ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ တအာင်းတပ် TNLA တို့က သိမ်းယူနိုင်ခဲ့တဲ့ မြို့တွေမှာ အုပ်ချုပ်ရေး ယန္တရားတွေ လည်ပတ်နိုင်ရေး လုပ်ငန်းစဉ်တွေ စတင်နေသလို ထိပ်ပိုင်းခေါင်းဆောင်တွေက လည်း လူထုနဲ့ တွေ့ဆုံမှုတွေ လုပ်နေပါတယ်။
ကိုးကန့်တပ်ဖွဲ့ MNDAA ကတော့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ CDM ဝန်ထမ်းတွေနဲ့ လည်ပတ်နိုင်ရေး စာရင်းပေးသွင်းနိုင်တယ်လို့ ထုတ်ပြန်လာပါတယ်။ TNLA က လည်း မိုးကုတ်နဲ့ မိုးမိတ်မြို့တွေမှာ လူထုတွေနဲ့ လိုက်လံတွေ့ဆုံးခဲ့ပြီး အုပ်ချုပ်ရေး ယန္တရားတွေ လည်ပတ်နိုင်ရေး ဒေသခံလူထုနဲ့ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။
ကိုးကန့်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ CDM ဝန်ထမ်းတွေနဲ့ လည်ပတ်နိုင်ရေး စာရင်းပေးသွင်းနိုင်ပြီလို့ ပြောဆိုထားတဲ့ ပတ်သက်လို့ သတင်းပေးပို့ချက် တပုဒ်ကို တချက်ကြည့်ရအောင်ပါ။
ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ CDM ဝန်ထမ်းတွေနဲ့ လည်ပတ် နိုင်ရေး လုပ်ဆောင်နေတယ်လို့ ကိုးကန့်တပ်မတော် MNDAA က ဆိုပါတယ်။
လားရှိုးမြို့ကို ထိန်းချုပ်လိုက်ပြီးနောက် လာရောက်စာရင်းပေးထားသူ CDM ဝန်ထမ်း အယောက် ၂၇၀ ကျော် ရှိနေပြီး အများစုကတော့ ကျန်းမာရေးဝန်ထမ်းတွေလို့ ဆိုပါတယ်။
တခြားမြို့နယ်က CDM ဝန်ထမ်းတွေလည်း စာရင်းပေးသွင်းနိုင်တယ်လို့ MNDAA က ဩဂုတ် ၃၀ ရက်နေ့မှာ သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ထားပါတယ်။
လားရှိုးမြို့မှာ CDM ဝန်ထမ်းတွေကို ဩဂုတ် ၁၃ ရက်နေ့က စတင်လက်ခံခဲ့တာ ဖြစ်ပြီး ကျန်းမာရေးရဲ့ ကုသရေး အပိုင်းတွေကို ဦးစားပေး လုပ်ဆောင်နေတယ်လို့ တာဝန်ရှိသူ တစ်ယောက်က ပြောပါတယ်။
MNDAA – CDM လက်ခံရေးဌာန တာဝန်ရှိသူ က “၁၃ ရက်၊ ၈ လ၊ ၂၀၂၄ ကနေ စပြီးတော့ CDM ဝန်ထမ်း တွေကို စာရင်းစတင် လက်ခံရယူ ပေးနေပါပြီရှင်။ တခြားမြို့နယ်က CDM ဝန်ထမ်းတွေကိုလည်း စာရင်း လက်ခံပေးနေပါတယ်။ CDM တွေအနေနဲ့ စာရင်းပေးမယ် ဆိုရင်တော့ ဌာနရဲ့ ထုတ်ပယ်ကြောင်း အမိန့်စာ မိတ္တူနဲ့တကွ စာရင်းပေးသွင်း ရပါမယ်။ တကယ်လို့ ဌာနက ထုတ်ပယ်ကြောင်း အမိန့်စာ မရှိဘူးဆိုရင်တော့ မိမိဌာနရဲ့ အခြား CDM ဝန်ထမ်း တစ်ဦးဦးရဲ့ ထောက်ခံချက် တော့ ပါရှိမှ ရမှာ ဖြစ်ပါတယ်။ ဒီနေ့ အချိန်ထိတော့ စာရင်းပေးသူ CDM ဝန်ထမ်းပေါင်း ၂၇၀ ကျော် ရှိနေပါပြီ။ ဒီနေ့ အချိန်ထိတော့ စာရင်းပေးတဲ့ ဌာနပေါင်း ၂၀ ကျော်ရှိနေပါပြီ” လို့ ပြောပါတယ်။
စာရင်း လာရောက် ပေးသွင်းလိုတဲ့ CDM ဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ဝန်ထမ်းအဖြစ် က ထုတ်ပယ်ကြောင်း အမိန့်စာ မိတ္တူနဲ့တကွ ပေးသွင်းနိုင်ပြီး ထုတ်ပယ်ကြောင်း အမိန့်စာ မရှိသူတွေကတော့ ကိုယ့်ဌာနကိုယ်စား တခြား CDM ဝန်ထမ်းတစ်ယောက်ရဲ့ ထောက်ခံချက်ပါဖို့ လိုတယ်လို့ ဆိုပါတယ်။
တစ်ဆက်တည်းမှာပဲ ကျန်ရှိနေသေးတဲ့ တခြားဌာနဆိုင်ရာ လုပ်ငန်းတွေကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ MNDAA ရဲ့ CDM လက်ခံရေး ဌာန တာဝန်ရှိသူက ဆက်ပြောပါတယ်။
“အခုလက်ရှိ CDM ဝန်ထမ်းတွေနဲ့ လည်ပတ်နေတဲ့ ဌာနကတော့ ကျန်းမာရေးဌာန ဖြစ်ပြီးတော့မှ ကုသရေး အပိုင်း ဖြစ်ပါတယ်။ မကြာခင်မှာတော့ ပညာရေးဌာနတွေလည်း စတင်လည်ပတ် လာတော့မှာ ဖြစ်ပါတယ်။ ကျန်တဲ့ဌာနတွေကတော့ မြို့နေ ပြည်သူလူထုတွေ ပြန်လည် ရောက်ရှိလာတဲ့အပေါ်မှာ မူတည်ပြီးတော့မှ လည် ပတ်သွားမှာ ဖြစ်ပါတယ်။”
Non CDM ဝန်ထမ်းတွေအနေနဲ့လည်း လက်ရှိ လားရှိုးမြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေထဲ ဝင်ရောက် လုပ်ကိုင်နိုင်သလို အပြစ်ပေး အရေးယူမှု လုပ်သွားမှာ မဟုတ်ဘူးလို့ MNDAA က ရှမ်းမြောက်ဒေသ အခြေစိုက် သတင်းဌာန တစ်ခုဖြစ်တဲ့ ရွှေဖီမြေကို ပြောဆိုထားပါတယ်။
လက်ရှိမှာတော့ MNDAA အနေနဲ့ မြို့တွင်းပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်လာနေပြီး ဒေသခံပြည်သူတွေ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေး၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်း တွေ လုပ်ကိုင်နိုင်ရေး အပြင် လျှပ်စစ်မီး ပြန်လည်ရရှိရေး နဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေ ပါတယ်။
စစ်တပ်ဘက်ကလည်း လားရှိုးမြို့အပါအဝင် ‘၁၀၂၇’ စစ်ဆင်ရေးမှာ ရှမ်းမြောက်ဒေသက သူတို့ ဆုံးရှုံးသွားတဲ့ မြို့နယ်တွေကို လေယာဥ်နဲ့ ဗုံးကြဲ တိုက်ခိုက်မှု လုပ်နေပါတယ်။ ဒီလေကြောင်းတိုက်ခိုက်မှုတွေ ကြားထဲကနေပဲ ကိုးကန့်တပ်ဖွဲ့ MNDAA နဲ့ တအာင်းတပ် TNLA တို့က အုပ်ချုပ်ရေးယန္တရားတွေ လည်ပတ်နိုင်ရေး လိုက်လံ လုပ်ဆောင်နေပါတယ်။
ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ CDM ဝန်ထမ်းတွေနဲ့ လည်ပတ်နိုင်ရေး စာရင်းပေးသွင်းနိုင်တယ်လို့ ဖိတ်ခေါ်မှုနဲ့ တပြိုင်တည်းမှာပဲ ကိုးကန့်တပ်ဖွဲ့ MNDAA က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ နိုင်ငံတကာ အဆင့်မီ ကျန်းမာရေးစနစ်ကို CDM ကျန်းမာရေး ဝန်ထမ်းအယောက် ၅၀၀ ဝန်းကျင်နဲ့ စပြီး အကောင်အထည် ဖော်နေပြီလို့ ဆိုထားပါတယ်။
MNDAA ထိန်းချုပ်ထားတဲ့ ဒေသတွေမှာရှိတဲ့ ဆေးရုံဆေးခန်းတွေမှာ ကျန်းမာရေးဝန်ဆောင်မှုတွေကို လည်နေ ပြီဖြစ်တယ်လို့ ကိုးကန့်တပ် MNDAA က ဩဂုတ် တတိယပတ်မှာ ထုတ်ပြန်ပါတယ်။
၁၀၂၇ ပထမလှိုင်း ပြီးစီးချိန်ကတည်းက MNDAA က သတ်မှတ်တဲ့ အထူးဒေသ ၁ မှာ ကျန်းမာရေးဌာန ဖွင့်လှစ် လိုက်ပြီး CDM ကျန်းမာရေး ဝန်ထမ်းတွေနဲ့ လည်ပတ်နေတာလို့ ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရှိ သူ CDM ဆရာဝန် ဒေါက်တာ ဘသက်က ပြောပါတယ်။
“အထူးဒေသ ၁ ကျန်းမာရေး ဌာနကို ၁၀၂၇ အော်ပရေးရှင်းနောက်ပိုင်းပေါ့ အပြီးမှာ ၂၀၂၄ ခု၊ ဇန္နဝါရီမှာစပြီး တော့ အကောင်အထည်ဖော်ခဲ့ပါတယ်။ ကျန်းမာရေးဝန်ထမ်းပေါင်း ၅၀၀ နီးပါးခန့်နဲ့ လည်ပတ်နေပါတယ်။ ကုသရေးတွေကိုလည်း ကျနော်တို့ အရှိန်အဟုန်နဲ့ ဆောင်ရွက်နေပြီးတော့ CDM ဝန်ထမ်းအများစုနဲ့ ကျနော်တို့ လည်ပတ်နေတာပေါ့။”
MNDAA ထိန်းချုပ်နယ်မြေအတွင်းမှာ ရှိတဲ့ တိုင်းရင်းသား ပြည်သူအားလုံး တန်းတူညီမျှတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရရှိစေဖို့၊ အဘက်ဘက်က ယိုယွင်းနေတဲ့ ကျန်းမာရေးစနစ် အဆင်မြင့်တင်နိုင်ဖို့နဲ့ နိုင်ငံတကာ အဆင့်မှီ ကျန်းမာရေးစနစ်တစ်ခုကို တည်ဆောက်ဖို့ အခုလို စတင် အကောင်အထည် ဖော်နေတာ ဖြစ်တယ်လို့ ဒေါက်တာ ဘသက်က ပြောပါတယ်။
အခုလို အကောင်အထည် ဖော်နိုင်လိုက်တာဟာ CDM ကျန်းမာရေး ဝန်ထမ်းတွေ အတွက် အလုပ်အကိုင် အခွင့် အလမ်းတွေလည်း ရရှိစေတယ်လို့ ဒေါက်တာဘသက်က ဆက်ပြောပါတယ်။
“နံပါတ်တစ်က အထူးဒေသအတွင်းမှာ ရှိတဲ့ တိုင်းရင်းသားအားလုံး၊ လူမျိုးဘာသာမရွေး တန်းတူညီမျှ ကျန်းမာ ရေး စောင့်ရှောက်မှု ရရှိစေရန်၊ နောက်နံပါတ်နှစ်ကတော့ အဖက်ဖက်ကနေ ယိုယွင်းနေတဲ့ ကျန်းမာရေး စနစ် အဆင့်မြင့်တင်ရန်နဲ့ နိုင်ငံတကာ အဆင့်မှီကျန်းမာရေးစနစ် အသစ်တစ်ခုကို တည်ဆောက်ရန် ဖြစ်ပါတယ်။ နံပါတ်သုံး အချက်ကတော့ ကျနော်တို့လိုပေါ့နော် ကျန်းမာရေး CDM ဝန်ထမ်းအားလုံး အတွက် အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် ဖြစ်ပါတယ်။”
လက်ရှိ MNDAA က သိမ်းပိုက်ထားသော လားရှိုးမြို့နယ်မှာ ပြည်သူ့ဆေးရုံကြီးကို ဩဂုတ်လ ၁၁ ရက်နေ့က စတင်ဖွင့်လှစ်ထားလိုက်ပြီး ပြည်သူအားလုံးအပြင် စစ်သုံ့ပန်းတွေကိုလည်းဆေးကုသမှုတွေ ပေးနေပြီ ဖြစ်ပါ တယ်။
“လားရှိုး ပြည်သူ့ဆေးရုံကြီးကို ကျနော်တို့ ဩဂုတ်လ ၁၁ ရက်နေ့ကနေ စပြီးတော့ ပြန်လည် လည်ပတ်နေပါ ပြီ။ လူနာတွေကလည်း တရက်ထပ်တရက် ပိုပိုပြီးတော့ များလာပါတယ်။ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ် နေတဲ့ လူမျိုးဘာသာမရွေး အားလုံးလာရောက်ပြီးတော့ ကုသမှုခံယူနိုင်ပါတယ်။ ကျနော်တို့ တိုက်ပွဲအတွင်းမှာ ဒဏ်ရာ ရသွားတဲ့ သုံ့ပန်းတချို့ကိုလည်း ကုသမှု ပေးနေပါတယ်။”
MNDAA က လားရှိုးမြို့ အပါအဝင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ဩဂုတ်လ ၃ ရက်နေ့မှာ သိမ်းဆည်းရရှိ ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အုပ်ချုပ်ရေး ယန္တရားတွေကို အကောင်အထည် ဖော်နေတာ ဖြစ်ပါ တယ်။
ဒါ့အပြင် ဩဂုတ်လထဲမှာပဲ MNDAA ရဲ့ ကျန်းမာရေးဦးစီးဌာန ဆေးဘက်ဆိုင်ရာလုပ်ငန်းအဖွဲ့က ကွတ်ခိုင်နဲ့ သိန္နီဒေသတွေထဲက စစ်ဘေးရှောင်ပြည်သူဆီ အခမဲ့ဆေးကုသစစ်ဆေးမှုတွေ လုပ်ဆောင်နေပြီး သိန္နီဒေသရှိ လူ ဦးရေ ၂၀၀ ကျော်အတွက်လည်း လိုအပ်တဲ့ ဆေးဝါးတွေ ပေးဝေခဲ့တယ်လို့ ဆိုပါတယ်။ ၁၀၂၇ စစ်ဆင်ရေးထဲ
MNDAA ကျန်းမာရေးဦးစီးဌာနက ကွတ်ခိုင်နဲ့ သိန္နီဒေသထဲက ဒေသခံ ၁၀၀၀ နီးပါးကို အခမဲ့ ဆေးကုသမှုတွေ ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
“၁၀၂၇” စစ်ဆင်ရေးထဲ သိမ်းပိုက်ထားတဲ့မြို့တွေထဲမှာ အုပ်ချုပ်ရေးယန္တရားတွေလည်ပတ်နိုင်ရေး ဒေသခံလူထု တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ TNLA က ပြောဆိုလိုက်ပါတယ်။
TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ၂၀၂၅ ခုနှစ်မှာ ကြားကာလ တော်လှန်အစိုးရ၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ အရပ်သားတွေ ပူးပေါင်းပြီး အုပ်ချုပ်ရေးလုပ်ငန်း တွေကို ပူးတွဲစီမံအုပ်ချုပ်သွားမယ့် အစိုးရပေါ်ပေါက်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။
TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က “ကျနော်တို့ သိမ်းလိုက်တဲ့မြို့တွေ၊ ကျနော်တို့ ထိန်းသိမ်းလိုက်တဲ့မြို့တွေကို စီမံအုပ်ချုပ်ဖို့ ကျနော်တို့ တာဝန်ရှိတယ်။ ဒီမှာရှိနေတဲ့ ဒေသခံပြည်သူလူထုတွေ စားဝတ်နေရေးပြေလည်ဖို့ အသက်အိုးအိမ် လုံခြုံမှုရှိဖို့ ကျနော်တို့က အကောင်းဆုံး စီမံခန့်ခွဲခွင့်ပေးတယ်။ ဒါတွေအားလုံးကို စီမံခန့်ခွဲရမယ်၊ အုပ်ချုပ်သွားမယ်။ နိုင်ငံရေးအရတော့ ကျနော်ထင်တယ် စစ်အာဏာရှင်ကို အခုချိန်မှာ တက်ညီလက်ညီ ကျနော်တို့ ပြုတ်အောင် တိုက်ရမယ်။ အဲ့ဒီနောက်ပိုင်းတစ်ဆင့် ရောက်ပြီဆိုရင် တော့ ကျနော်တို့ နိုင်ငံရေးစကား ကောင်းကောင်း ပြောကြဖို့ လိုပါတယ်” လို့ ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်းမှာ ဖော်ဆောင်နေတဲ့ “၁၀၂၇ စစ်ဆင်ရေး” ဒုတိယအပိုင်းထဲ TNLA က ထပ်မံသိမ်းပိုက်ရရှိ ထားတဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်မြို့တွေကို ဗိုလ်ချုပ်တားဘုန်းကျော်နဲ့အဖွဲ့တွေက သွားရောက်တဲ့ ခရီးစဉ် အတွင်း လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့တာလို့ TNLA က ဩဂုတ်လ ၂၇ ရက်နေ့မှာ သတင်းထုတ်ပြန် ပါတယ်။
အဲ့ဒီခရီးစဉ်ဟာ သြဂုတ်လ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိဖြစ်ပါတယ်။
ဒီခရီးစဉ်ထဲ ဗိုလ်ချုပ်တားဘုန်းကျော်နဲ့အဖွဲ့တွေဟာ TNLA က သိမ်းပိုက်ရရှိထားတဲ့ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်-စတဲ့မြို့တွေထဲက အစိုးရ ဆိုင်ရာဌာနရုံးတွေ၊ အုပ်ချုပ်ရေးရုံးတွေ၊ ဆေးရုံတွေနဲ့ စာသင်ကျောင်းတွေကို သွားရောက်လေ့လာခဲ့ပါတယ်။
ဗိုလ်ချုပ်တားဘုန်းကျော် က “ကျနော်တို့က ဒီကြားထဲမှာ PSLF က အုပ်ချုပ်မှုတွေ ဖော်ဆောင်တယ် ဆိုပေမဲ့ လည်း ကျနော်တို့ ဒီမှာ ရပ်မိရပ်ဖတွေပါနိုင်တဲ့ အစုအဖွဲ့ ကော်မတီတွေကို ကျနော်တို့ ဖိတ်ကြားထားပါတယ်။ ကျနော်တို့ စီမံခန့်ခွဲနေတဲ့ဟာက လွှဲချော်မှုရှိတယ်ဆိုရင်တော့ ရပ်မိရပ်ဖကိုယ်တိုင်က ဝင်ပြီးတော့ အကြံဉာဏ် ပေးပါ။ ကျနော်တို့ အမြန်ဆုံး စောစောစီးစီး ဒီလိုကာလအတွင်းမှာ နေလို့ထိုင်လို့ အဆင်ပြေအောင် အုပ်ချုပ်မှု တွေ ကမောက်ကမ မဖြစ်အောင် အကုန်လုံးမှာ တာဝန်ရှိတယ်။ အဲ့လို ဝိုင်းလုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်” လို့ ဆက်ပြောပါတယ်။
TNLA တပ်တွေ သိမ်းပိုက်ထားတဲ့မြို့တွေမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ CDM ဝန်ထမ်းတွေ ပူးပေါင်းပါဝင်ဖို့နဲ့ အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့ ညှိနှိုင်းမှုတွေ လုပ်သွားကြဖို့ ဗိုလ်ချုပ်တားဘုန်းကျော်က ဖိတ်ခေါ်ထားပါတယ်။
မိုးကုတ်မြို့ထဲက တစ်နိုင်တပိုင် အသေးစား ကျောက်ရှာဖွေရေး လုပ်ငန်းနဲ့ ရိက္ခာတွေ အလွယ်တကူ သယ်ယူနိုင် ရေးတို့ကိုလည်း အဆင်ပြေချောမွေ့စေဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်တားဘုန်းကျော် က ပြောဆို ခဲ့ပါတယ်။
ဒီမလို ပြောဆိုထားပေယ့် မိုးကုတ်မြို့မှာ ကျောက်မျက်လုပ်ငန်းတွေ ပြန်မလည်ပတ်နိုင်သေးတဲ့ အတွက် ကျောက်မျက်လုပ်ငန်းကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေရတဲ့ ဒေသခံတွေ စားဝတ်နေရေး အခက်တွေ့ နေကြပါတယ်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းထဲ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်TNLA က သိမ်းယူထားတဲ့ မိုးကုတ်မြို့ရှိ ကျောက်မျက်လုပ်ငန်းတွေ ရပ်ဆိုင်းနေတဲ့အတွက် ဒီလုပ်ငန်းကို မှီခိုနေရတဲ့ ပြည်သူတွေ ခက်ခဲလာ နေပါတယ်။
မိုးကုတ်ဒေသခံ အမျိုးသမီးတစ်ဦး “မိုးကုတ်မြို့က ကျောက်မျက်လုပ်ငန်းနဲ့ ရှင်သန်တာဖြစ်တဲ့အတွက် ကျောက် မျက်လုပ်ငန်း နားရင် ဒါ မြို့က လူတွေကတော့ ငတ်တာပဲ။ ကျောက်မျက်လုပ်ငန်းတွေ အပေါ်မှီခိုနေတဲ့ ကျောက် သမားတွေ အရောင်းအဝယ်သမားတွေ အလုပ်မဖြစ်တော့ရင် စားဝတ်နေရေး စီးပွားရေး ဘာတစ်ခုမှ အဆင်ပြေ မှာ မဟုတ်ဘူးပေါ့နော်” လို့ ပြောပါတယ်။
တအာင်းတပ် (TNLA) နဲ့ မဟာမိတ်တွေက ဇူလိုင်လ ၂၄ ရက်နေ့မှာ မိုးကုတ်မြို့ကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါ တယ်။ အဲ့ဒီနောက် ကျောက်မျက် တူးဖော်ရေး လုပ်ငန်းတွေ ရပ်နားထားပြီး မြို့ထဲမှာပဲ အရောင်းအဝယ် လုပ်နေကြရတဲ့အတွက် အဆင်မပြေမှုတွေနဲ့ ကြုံနေကြရတယ်လို့ ဆိုပါတယ်။
မိုးကုတ်ဒေသခံ အမျိုးသမီးက “ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေကတော့ မလည်ပတ်သေးဘူး ပေါ့ နော်။ ကျောက်မျက် တူးဖော်ရေး လုပ်ငန်းတွေအတွက် သူတို့ အခွန်တွေ ကောက်မယ်လို့တော့ ကြားတယ်။ ပွဲတွေ တော့ ဖွင့်တယ် ကျောက်မျက် ရောင်းဝယ်ရေးပေါ့နော်။ တူးတာမဟုတ်ဘဲနဲ့ ရောင်းဝယ်တာတွေ သူတို့ လုပ်နေ တယ်။ ဒါပေမယ့်လို့ မိုးကုတ်ကနေ တစ်ခြားမြို့တွေကို သွားပြီးတော့မှ ကုန်သွယ်မှု မလုပ်ရတော့ ကုန်ပစ္စည်း တွေက မြို့ထဲမှာပဲ လည်နေတဲ့ အတွက်ကြောင့် အရောင်းအဝယ်က ထင်သလောက် မဖြစ်။ အပြင်ကို မရောင်း ရဘူးပေါ့နော်။ စီးပွားရေး မဖြစ်ဘူးလို့ ပြောလို့ရပါတယ် အခုချိန်ကလေ” လို့ ဆက်ပြောပါတယ်။
ဒါ့အပြင် ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးကြန့်ကြာနေတဲ့အတွက်လည်း ကုန်ဈေးနှုန်းတွေ မြင့်တက်လာ နေတယ်လို့ ဆိုပါတယ်။
မိုးကုတ်မြို့မှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ ဦးဆောင်သွားမှာဖြစ်ပြီး ဒေသခံတွေနဲ့အတူ ပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ဩဂုတ်လ ၂၈ ရက်နေ့က ဒေသခံတွေနဲ့ တွေ့ဆုံချိန် PSLF/TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောကြားခဲ့ပါတယ်။
“ကျနော်တို့ အမြန်ဆုံး စောစောစီးစီး ဒီလို ကာလအတွင်းမှာ နေလို့ထိုင်လို့ အဆင်ပြေအောင် အုပ်ချုပ်မှုတွေ ကမောက်ကမ မဖြစ်အောင် အကုန်လုံးမှာ တာဝန်ရှိတယ်။ အဲ့လို ဝိုင်းလုပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်။”
မိုးကုတ်မြို့မှာ စစ်ကောင်စီတပ်တွေ ကင်းစင်သွားပေမယ့်လည်း PSLF/TNLA အနေနဲ့ ပြည်သူတွေရဲ့ စားဝတ် နေရေး ခက်ခဲတွေကို ဖြေရှင်းဖို့အတွက် ကျောက်မျက်လုပ်ငန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ပုံမှန်အတိုင်း ပြန်လည်ပတ်နိုင်ဖို့ ဦးစားပေး လုပ်ငန်းအနေနဲ့ လုပ်ဆောင်ပေးသင့်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က လက်ဝါးကြီးအုပ်ခဲ့တဲ့ မိုးကုတ်ကျောက်မျက်တွင်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်လိုက် ချိန်မှာ ဒေသခံတွေအတွက် ဦးစားပေး ခွင့်ပြုပေးသင့်တယ်လို့ ဆိုပါတယ်။
မိုးကုတ်ဒေသခံ အမျိုးသမီးက “ပြည်သူတွေကို ရှေးရှုပြီးမှ ဦးစားပေး စေချင်ပါတယ်။ ပြည်သူတွေအနေနဲ့ သူတို့ အပေါ်မှာ ယုံကြည်မှုတွေ အများကြီးရှိတဲ့ အပေါ်မှာ သူတို့အနေနဲ့ ဒီယုံကြည်မှုကို အလွဲသုံးစား မလုပ်ကြ ဖို့နဲ့ ပြည်သူတွေရဲ့ မျက်နှာကို ဦးတည်ပြီးတော့မှ လုပ်ဆောင်ပေးကြဖို့ ပြောချင်ပါတယ်” လို့ ဆက်ပြောပါတယ်။
မိုးကုတ်မြို့ကို တအာင်းတပ် (TNLA) နဲ့ မဟာမိတ်တွေ မသိမ်းပိုက်ခင်က ဒေသထဲမှာ ရှိတဲ့ ကျောက်မျက် လုပ်ငန်း အများစုကို စစ်ကောင်စီရဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက် MEHL နဲ့ မြန်မာ့ စီးပွားရေး ကော်ပရေး ရှင်း MEC တို့က အများဆုံး ပိုင်ဆိုင်ထားကြတယ်လို့ သယံဇာတ ထုတ်လုပ်မှု ပွင့်လင်း မြင်သာရေး (MEITI) ရဲ့ အချက်အလက်တွေ အရ သိရပါတယ်။
PSLF/TNLA ထိန်းချုပ်မှုအောက်မှာတော့ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရရေး၊ လက်ကိုင်ထားတဲ့သူတွေက လက်ဝါးကြီး အုပ်တာမျိုး မရှိဘဲ ဒေသခံတွေကို ဦးစားပေးတာမျိုးနဲ့အတူ ကျောက်မျက်တူးဖော်ရေး လုပ်ငန်းတွေ အမြန်စတင်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုကြပါတယ်။
PSLF/TNLA ရဲ့ အထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူးဇာရ်ကလည်း မြို့တွင်းအုပ်ချုပ်ရေး ယန္တရား တွေ ပြန်လည်ပတ်နိုင်ရေး သက်ဆိုင်ရာအုပ်ချုပ်ရေးဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ မြို့မိမြို့ဖတွေကို တိုက်တွန်းခဲ့ပါတယ်။
ဇွန်လ ၂၅ ရက်နေ့က ပြန်လည်စတင်ခဲ့တဲ့ “၁၀၂၇ စစ်ဆေးရေး” ဒုတိယပိုင်းမှာ TNLA နဲ့ PDF ပူးပေါင်းတပ် တွေက နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်စတဲ့မြို့တွေကို သိမ်းပိုက်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ကြားထဲကနေ အုပ်ချုပ်ရေး ယန္တရားလည်ပတ်နိုင်ရေး ဆောင်ရွက် နေရတာလည်း ကြီးမားတဲ့ စိန်ခေါ်မှုကြား လုပ်နေရတာဖြစ်လို့ ဘယ်လောက်ထိ လုပ်ဆောင်နိုင်မလဲဆိုတာ ခန့်မှန်းပြောဆိုဖို့ ခက်ခဲတယ်လို့ လူထုရော၊ တော်လှန်ရေးတပ်ကို လေ့လာ စောင့်ကြည့်နေသူတွေက ဆိုကြ ပါတယ်။