ဘန်ကောက်တိုက်ပြိုမှု သေဆုံးသူများ ထပ်မံတွေ့ရှိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်။
ငလျင်ဒဏ်ကြောင့်ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ဆောက်လုပ်ဆဲ အထပ် ၃၀ အဆောက်အအုံ ပြိုကျမှုတွင် ယနေ့မနက်ပိုင်းအထိ အပျက်အစီးပုံများကြားမှ အလောင်း ၂ လောင်း ထပ်မံတွေ့ရှိသည့်အတွက် အတည်ပြု သေဆုံးသူ ၁၃ ဦးအထိ ရှိလာသည်ဟု အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့(WAG)မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ပြောသည်။
“သေဆုံးသူနှစ်ယောက်တိုးတယ်ပေါ့နော်။ မနေ့က ၁၁ ယောက်၊ ဒီနေ့ ၁၃ ယောက်ဖြစ်သွားတယ်။ ဒီနေ့ မနက်၁၀ နာရီခွဲနောက်မှာ သေဆုံးသူ နှစ်ယောက်ထပ်တိုးလာတာပါ”
ထိုအပျက်စီးပုံများအောက်တွင် မြန်မာနိုင်ငံသားများအပါအဝင် ပိတ်မိနေသူအများအပြား ကျန်ရှိနေသေး သည်ဟု ကိုမုန်တိုင်းက ဆက်ပြောသည်။
“ဖြစ်စဉ်စတင်ဖြစ်ပွားတဲ့နေ့ကနေ စရေတွက်ရင် လူဦးရေ ၉၇ ယောက်ရှိတယ်။ ဒီနေ့အထိ သေဆုံးသူ ၁၃ ဦးရှိတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီး ၅ ဦးနဲ့ အမျိုးသား ၈ ဦး ပါဝင်ပါတယ်။ ဆေးကုသမှု ခံယူနေရ သူ ၉ ဦးရှိပြီး ရှာဖွေဖို့ ကျန်ရှိနေသူ ၇၄ ဦး ရှိပါတယ်။”
ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရေးအဖွဲ့များမှ ဆက်လက်ရှာဖွေနေသည်မှာ ယနေ့ ဧပြီလ ၁ ရက်နေ့ အထိဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။
ရှာဖွေရန် ကျန်ရှိနေသေးသည့် အယောက် ၇၀ ကျော်အတွင်း အမည်စာရင်း ထုတ်ပြန်ချက်အရ မြန်မာ ၂၆ ယောက် ပါဝင်နေသည်ဟု ဆိုသည်။ လက်ရှိ သေဆုံးစာရင်းအတွင်း မြန်မာနိုင်ငံသား တစ်ဦးသာ အတည်ပြု နိုင်သေးပြီး ဆက်လက်စစ်ဆေးနေဆဲဟု ဆိုသည်။
လက်ရှိ ပိတ်မိနေသူများကိုလည်း ကယ်ဆယ်ရေးအဖွဲ့များမှ ဆက်လက်ရှာဖွေရေး လုပ်ဆောင်နေပြီး ငလျင် ကြောင့် ပြိုကျခဲ့သော ထိုနေရာသို့ ထိုင်းဝန်ကြီးချုပ် ဖဲထောင်းထန်းရှင်နာဝပ် ကိုယ်တိုင် မတ် ၃၁ ရက် မနေ့က လာရောက်စစ်ဆေးခဲ့ပြီး အဆောက်အအုံအောက် ပိတ်မိနေဆဲ မြန်မာအလုပ်သမားများကို ကယ်ထုတ်ပေးရန် WAG အလုပ်သမားအဖွဲ့က တောင်းဆိုခဲ့သည်ဟု ကိုမုန်တိုင်းမှဆိုသည်။
“သူတို့ဘက်ကလည်း တတ်နိုင်သလောက် အမြန်ဆုံးဖြစ်အောင် ဆောင်ရွက်နေတယ်။ တူးဖော်နေကြ တယ်။ လျော်ကြေးပိုင်းတွေ ဘာတွေကတော့ ကျွန်တော်လည်း မသိလောက်သေးဘူး။ ထိုင်းဘုရင် ကိုယ်တိုင်ကလည်း ဒီအပေါ်မှာ အာရုံစူးစိုက်ထားတာ ဖြစ်နေတဲ့အတွက်ပါ။”
ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးခဲ့သော မြန်မာအလုပ်သမားများအတွင်း အထောက်အထား မရှိသော တရားမဝင် အလုပ်သမားများလည်း ပါဝင်နိုင်နေသည်ဟု အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) က ဆိုသည်။
ထိုင်းသတင်းရင်းမြစ်များ၏ ဖော်ပြချက်အရ အဆိုပါ ဆောက်လုပ်ရေးစီမံကိန်းသည် ထိုင်းအစိုးရ၏ ခရိုင်စာရင်းစစ်ရုံး အဆောက်အအုံသစ်ဖြစ်ပြီး၊ ပြိုကျချိန်တွင် အလုပ်သမား ၄၀၀ ကျော် လုပ်ကိုင်နေသည်။ ထိုအထဲတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြား ပါဝင်ကြောင်းလည်း Thai PBS World သတင်းတွင်ဖော်ပြထားသည်။
ငလျင်ဗဟိုချက်ဖြစ်သော မြန်မာနိုင်ငံတွင် မတ်လ ၃၁ ရက်နေ့ညအထိသေဆုံးသူ ၂၀၅၆ ဦးရှိလာပြီး ဒဏ်ရာရသူ ၃,၉၀၀ ကျော်နှင့်ပျောက်ဆုံးသူ ၂၇၀ ကျော် ရှိနေသည်ဟု စစ်ကောင်စီမှ သတင်းထုတ်ပြန် ထားသည်။