စစ်ကောင်စီမှ ဖမ်းဝရမ်းထုတ်ခံထားရသူများ၏ မိသားစုနှင့် အိမ်နီးချင်းများကို စစ်ဆေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁ ရက်။
တနင်္သာရီတိုင်း ထားဝယ်မြို့ပေါ်တွင် ဖမ်းဝရမ်းထုတ်ခံထားရသူများ၏ မိသားစုဝင်များနှင့်အိမ်နီးချင်းများကို စစ်ကောင်စီတပ်က စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မြို့ခံများက ပြောသည်။
ဖမ်းဝရမ်းအထုတ်ခံထားရသူများနှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များတွင် ပါဝင်နေသူများ၏ နာမည်၊ လိပ်စာ၊ ရှာဖွေသည့်အကြောင်းအရာများ ပါဝင်သည့် စာရွက်များနှင့်တကွ ညစဥ်နီးပါး လိုက်လံစစ်ဆေးနေခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။
မတ်လအလယ်ခန့်မှစတင်၍ ကြက်စားပြင်၊ ဘုမ္မော်၊ ဒေါင်းငူ၊ ကျောက်မော်၊ ဗျောတောဝရပ်ကွက် များအပြင် သပြေချောင်းကျေးရွာတွင်လည်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း အသက် ၄၅ နှစ်အရွယ် ဘုမ္မော်ရပ်ကွက်သားတစ်ဦးက ပြောဆိုသည်။
“ရပ်ကွက်တော်တော်များများကို ဝင်စစ်တယ်၊ ချိတ်ပိတ်ထားတဲ့ အိမ်တွေ၊ ဝရမ်းထုတ်ခံထားရတဲ့ သူတွေရဲ့ အိမ်တွေ အပြင် အိမ်အနားနီးချင်းက နှစ်အိမ် သုံးအိမ်လောက်အထိ စစ်ဆေးမေးမြန်းတယ်၊ ပြီးတော့ ဖုန်းတွေကိုလည်း စစ်ဆေးသေးတယ်၊ ကြက်စားပြင်ရပ်က ဆရာမအိမ်ကိုလည်း ဝင်မွှေပြီး တန်ဖိုးရှိတဲ့ ပစ္စည်းတွေကိုယူဆောင်သွားသေးတယ်လို့ ကြားရတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့က ညပိုင်းတွင် ယာဥ်တန်းဖြင့် လှည့်လည်စစ်ဆေးနေပြီး လမ်းသွားလာသူများကိုလည်း တား ဆီးစစ်ဆေး၍ သေနတ်ဖြင့် ခြောက် လှန့်ပစ်ခတ်မှုများလည်း လုပ်ဆောင်နေခဲ့သည်ဟု ရွာသားများက ပြောသည်။
ကြက်စားပြင်ရပ်ကွက်နှင့် ဘုမ္မော်ရပ်ကွက်တို့ကို အင်အားအများအပြားဖြင့် ပိုမိုစစ်ဆေးခဲ့သည့်အပြင် ကြက်စားပြင်ရပ်ကွက်ထဲရှိ နေအိမ်တချို့ကို တံခါးများရိုက်ဖျက်ကာဝင်ရောက်ပြီး အိမ်ထဲမှ အဖိုးတန် ပစ္စည်းများကိုယူ ဆောင်သွားကြောင်း ရပ်ကွက်နေသူ များက ဆိုသည်။