လူ တစ်သိန်းကျော် အသုံးပြုနေသော ကရင်နီပြည်အတွင်းရှိ ချောင်းတစ်ချောင်း ရွံ့ရေများ အဖြစ်ပြောင်းသွား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ နန်းစံဖူးချောင်းသည် ချောင်းရေမှာ ရွှံ့နွံရေများ အဖြစ် ပြောင်းလဲသွားပြီး သုံး၍ မရတော့သောကြောင့် ဒေသခံများနှင့် စစ်ရှောင်များ အခက်တွေ့နေကြသည်။
နန်းစံဖူးချောင်းရေသည် မတ်လ ၂၈ ရက်နေ့က ငလျင်လှုပ်ခတ်သွားပြီးနောက် ရုတ်တရက် (၄) ပေ နီးပါး လျော့ကျသွားပြီး ရွှံ့နွံများပါ စီးဆင်းနေသည့်အတွက် ပြန်လည်အသုံးပြု၍ မရသေးဘူးဟု ကျေးလက်မြေ အဖွဲ့ တာဝန်ခံ ဦးဇော်မင်းထိုက်က ပြောသည်။
“ဒီငလျင်လှုပ်ပြီး နောက်ပိုင်းမှာဆိုရင်တော့ နန်းစံဖူးချောင်းရေက တော်တော်ကျသွားတယ်ပေါ့နော်။ အနည်း ဆုံး ၃ ပေ၊ ၄ ပေလောက် ကျသွားတာ ရှိတယ်။ လက်ရှိဒီချောင်းရဲ့ အခြေအနေကတော့ အခုအချိန်ထိ ရွှံ့နွံ တွေပေါ့နော်။ ရေတောင်မှပဲ ရေနီရေဝါတောင်မှပဲ သူ့ဟာက ရေကြီးပဲ မဟုတ်ဘူး အဲ့ဒီရေထဲမှာမှ ရွှံ့အနစ်တွေ အနွံတွေ အဲ့လိုပါပြီးတော့မှ စီးဆင်းနေတာ ရှိတယ်။”
နွေရာသီကာလရောက်တိုင်း နန်းစံဖူးချောင်သည် ရေအနည်းငယ်လျော့ကျလေ့ ရှိသော်လည်း ခမ်းခြောက်သွား ခြင်း မရှိခဲ့ဖူးသလို ယခုကဲ့သို့ ရွှံ့နွံများလည်း မရှိခဲ့ဖူးဘူးဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“နွေရာသီရောက်ပြီဆိုတော့ ရေတော့နည်းနည်းပါးပါး ကျတာတွေ တော့ရှိတယ်။ သို့ပေမဲ့ ခမ်းသွားတဲ့ထိတော့ မဟုတ်ဘူးပေါ့။ ငလျင်လှုပ်လိုက်တဲ့ခါမှာ အဲ့ဒီရေထွက်ပေါက်နဲ့ နီးစပ်တဲ့ကျင်း အဲ့ဒီကျင်းပြိုတာက ရေထွက် ပေါက်ပိတ်တာ အဲ့ဒီကျင်းကြောင့်လည်း ပါပါတယ်။ အဲ့ကြောင့်မို့ ရေက အပေါက်ပိတ်သွားတဲ့ သဘောမျိုးပေါ့” ဟုပြောသည်။
နန်းစံဖူးချောင်းကို ဒေသခံများ၊ စစ်ရှောင်များ စုစုပေါင်း လူဦးရေ အနည်းဆုံး တစ်သိန်းဝန်းကျင်ထိ အသုံးပြုနေ ကြရသည့်အတွက် လွန်စွာ အရေးပါသည့် ချောင်းဖြစ်သည်ဟု ဦးဇော်မင်းထိုက် ကပြောသည်။
“ဒီနန်းစံဖူး ချောင်းဆိုတာ စစ်ဘေးရှောင်တွေ အတွက်ကော၊ ရဲဘော်တွေအတွက်ကော၊ ဒီရွာသူရွာသားအတွက် ကော ဒီချောင်းကနေမှ လယ်ယာမြေတွေ စပါးစိုက်ရတာရှိတယ်။ စားသောက်ဖို့အတွက် ဖရုံပင်၊ ဖရဲ၊ မုန်လာ၊ခဝဲက အစ သူတို့တွေက ဒီချောင်းရေကို အမှီတဟဲပြု စိုက်ပျိုးပြီးတော့ အသက်မွေးဝမ်းကျောင်း ပြုနေရတဲ့ အတွက် မရှိမဖြစ် အရေးပါတဲ့ ချောင်း ဖြစ်ပါတယ်။ ဒီဘက်ခြမ်း ဒီးမော့ဆိုမှာတင် မဟုတ်ဘဲနဲ့ နန်းစံဖူးချောင်း ရေဟာ နေရာဒေသအနှံ့ကို သူကစီးဆင်းတာ ဖြစ်တဲ့အတွက် ချောင်းရိုးတစ်လျှောက်မှာ ရှိတဲ့ သူတွေ နောက်ပြီး တော့ အရှေ့ဘက်ခြမ်းသူတွေနဲ့ဆို လူပေါင်း တစ်သိန်းကျော်က အနည်းဆုံး သောက်ရေ၊ သုံးရေ၊ ချိုးရေအဖြစ် သုံးပါတယ်။”
နန်းစံဖူးချောင်းရေမှာ လက်ရှိတွင် လုံးဝခမ်းခြောက်သွားခြင်းမျိုး မဟုတ်သော်လည်း ရွှံ့နွံရေများ ဖြစ်သွားသော ကြောင့် သုံး၍ လုံးဝမရတော့သည်မှာ တစ်ပတ်နီးပါးရှိလာပြီ ဖြစ်သည်။
နန်းစံဖူးချောင်းအနီးရှိ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သည့် ဒေသခံအမျိုးသမီး တစ်ဦးက “စပါးလည်း စိုက်ထား တယ်။ မြေဩဇာကလည်း မကြဲနိုင် ရေကလည်း ဒီလိုမျိုး ခမ်းသွားတော့ အစ်မတို့အတွက်က ဒီနှစ်အတွက် စပါး၊ ဆန်တို့ အဆင်မပြေလောက်ဘူး။ တကယ်လို့ ရေဒီလိုမျိုး ဆက်ဖြစ်ရင်တော့ ကျမတို့တော့ ငတ်နေရ တော့မှာပဲလေ။ မြေဩဇာကြဲဖို့ကလည်း ရေကလည်း မရှိ။ မြေဩဇာကလည်း မဝယ်နိုင်နဲ့ အရမ်းကို ဒုက္ခ ရောက်တယ်” ဟုပြောသည်။
ထို့အတူ ဒီးမော့ဆိုမြို့အနောက်ဘက်ခြမ်းတွင် ငလျင်ကြောင့် မြေပြိုကျ၍ အကျယ်နှင့် အနက်ပေ ၁၀၀ ဝန်းကျင် ရှိ ကျင်းတစ်ခုဖြစ်ပေါ်ခဲ့ပြီးထိုကျင်းသည် ဧပြီလ ၁ရက်နေ့အထိ ဆက်လက်ပြိုကျနေဆဲဖြစ်၍ အနီးရှိပြည်သူ များ စိုးရိမ်မှုရှိနေသည် ဟုဆိုသည်။
ကရင်နီပြည်အတွင်း မတ်လ ၂၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ငလျင်ဒဏ်ကြောင့် ဘုရားကျောင်း တစ်ကျောင်း၏ အစိတ်အပိုင်းအချို့နှင့် စာသင်ကျောင်းဆောင် တစ်ဆောင် အနည်းငယ် အက်ကွဲပြီး ရေထွက်ပေါက် နှစ်နေရာ (ကွိုင်ငံရေထွက်ပေါက်နှင့် နန်းစံဖူးရေထွက်ပေါက်)တို့ ရေလျော့နည်းသွားခြင်း စသည့် ထိခိုက်မှုများရှိခဲ့သည် ဟု ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး – ၂ ဦးဗညားက ပြောသည်။