တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်အတွင်း မြစ်ချောင်းအချို့ကို ညဘက် မသွားရန် ပကဖ အမိန့်ထုတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၈ ရက်။ 

မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်းရှိ မြစ်ချောင်းအချို့ကို ညဘက်သွားလာခြင်းများ မလုပ်ကြရန် ကျွန်းစုမြို့ နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က ကန့်သတ်လိုက်သည်။

ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက စစ်ကောင်စီတပ်က ဖေါ်ပြထားတဲ့ မြစ်ချောင်းတွေ ကို အသုံးပြုပြီးတော့ စစ်ကြောင်းထိုးနေတာကြောင့် ရွာသားတွေကို ပစ်ခတ်တာ ဖမ်းဆီးတာတွေ လုပ်လာနိုင် တယ်။ ဒါကြောင့်မို့ လုံခြုံရေးအရ ညဘက် ခရီးသွားလာခြင်းနဲ့ အလုပ်လုပ်ကိုင်ကြခြင်းကို တားမြစ် အမိန့် ထုတ်ပြန်ခဲ့ ရတာပါ ဟု ပြောသည်။

တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်၊ ဘဒ္ဒနဲကျေးရွာအုပ်စုအတွင်းရှိ သံပြာ – ဘန္နဲမြစ်ကြောင်း၊ ရှော်တော်မော် – မန်းကြီး မြစ်ကြောင်း နှင့် ဝန်တောင် – ရှမ်းပုံ မြစ်ကြောင်းများကို ညနေ ၆ နာရီမှ နံနက် ၆ နာရီအထိ အသုံးပြုခြင်း မပြုလုပ်ရန် ဧပြီလ ၅ ရက်နေ့က ထုတ်ပြန်ကန့်သတ်လိုက်ခြင်း ဖြစ်သည်။

မြစ်ချောင်းများ အထဲတွင် ဂဏန်းခုတ်ထောင်၊ ဂွေး(မျှင်) ထိုးနေကြသည့် တစ်နေ့လုပ် တစ်နေ့စား ပြည်သူများ အခက်အခဲ ဖြစ်မည် ဆိုသည်ကို သိနေသော်လည်း လူ့အသက်တန်ဖိုးထက် မည်သည့်အရာမှ အရေးမကြီး ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

လက်ရှိ အသိပေးချက် ထုတ်ပြန်ခဲ့သည့်နေ့မှ စတင်၍ နောက်ထပ် အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မီ အချိန်ထိ ညဘက် ဖြတ်သန်းသွားလာခြင်း မလုပ်ကြရန် ကျွန်းစု ပကဖအဖွဲ့မှ အသိပေးထားသည်။

ထို့အပြင် သတိပေးချက်ကို မလိုက်နာဘဲ ဖြတ်သန်းသွားလာပါက ဖြစ်လာမည့် ပြဿနာကို ကျွန်းစု – ပကဖ အဖွဲ့မှ တာဝန်ယူမည် မဟုတ်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် မတ်လ ၁၃ ရက်နေ့မှ စတင်၍ ဘဒ္ဒနဲကျေးရွာအုပ်စုရှိ မြစ်ချောင်းတစ်လျှောက် တွင် စစ်ကောင်စီ စစ်သင်္ဘောများ အမြဲတမ်းသွားလာကာ စစ်ရေးလှုပ်ရှား‌နေကြောင်း ရွာသားများက ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၂၆ ရက်နေ့ကလည်း ဝန်တောင်ကျေးရွာအနီး ပင်လယ်ပြင်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်တို့ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည် ကြောင့် ဝန်တောင်ကျေးရွာရှိ Mytel ဖုန်းတာဝါတိုင် ပျက်စီးသွားခဲ့သေးသည်။