ရှမ်း-ကရင်နီ နယ်စပ် ဧပြီလ အတွင်း လူ ၁၈ ဦး သေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်။

ကရင်နီပြည်နယ်နှင့် ရှမ်း-ကရင်နီနယ်စပ်တွင် ဧပြီလအတွင်း အရပ်သား ၁၈ ယောက် သေဆုံးပြီး ၃၆ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကရင်နီ လူ့အခွင့်အရေးအဖွဲ့ KnHRG က မေလ ၁၂ ရက် (ယနေ့) တွင် ထုတ်ပြန် သည်။

သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများသည် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက် ကြီး ပစ်ခတ်မှုတို့အပြင် သဘာဝဘေးဒဏ်ကြောင့် ဖြစ်သည်ဟု ကရင်နီ လူ့အခွင့်အရေး အဖွဲ့ KnHRG က ပြောသည်။

ကရင်နီ လူ့အခွင့်အရေး အဖွဲ့ KnHRG အနေဖြင့် ကရင်နီပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုမြို့နှင့် ကရင်နီ-ရှမ်းနယ် စပ် ကျေးရွာများတွင် လေကြောင်းနှင့် မြေပြင်မှ တိုက်ခိုက်လာသော အရာများကို မှတ်တမ်းပြုစုထား ခြင်းဖြစ် သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး နှင့် လသားအရွယ် ကလေး ၁ ဦးအပြင် ကျား/မ ဖော်ပြနိုင်ခြင်း မရှိသူ စုစုပေါင်း ၁၂ ဦးသေဆုံးခဲ့ရပြီး လက်နက်ကြီး ပစ်ခတ်မှု ကြောင့်လည်း အမျိုးသား ၂ ဦး အမျိုးသမီး ၁ ဦး သေဆုံးခဲ့ရသည်ဟု KnHRG က ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု နှင့် လက်နက်ကြီး ပစ်ခတ်မှုတို့အပြင် သဘာဝဘေးဒဏ်ကြောင့် အမျိုးသား ၁ ဦး၊ ကလေး ၁ ဦး နှင့် အမျိုးသမီး ၁ ဦးတို့လည်း သေဆုံးခဲ့သည်ဟု KnHRG ၏ ထုတ်ပြန်ချက် ထဲမှာ တွေ့ရသည်။

ထို့အပြင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦး၊ ကလေး ၁ ဦး၊ လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသား ၂ ဦးနှင့် ကျား/မ မသိသူ စုစုပေါင်း  ၂၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည့်အပြင် ဒရုန်းတိုက်ခိုက်မှုကြောင့် လည်း အမျိုးသား ၁ ဦးနှင့် ကလေး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်ဟု ဆိုသည်။

ထို့အတူ လက်နက်ကြီး နှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံ ၃၉ လုံးလည်း ပျက်စီးခဲ့သည်ဟု KnHRG က ထုတ်ပြန်ချက်ထဲမှာ ရေးသားထားသည်။

စစ်ကောင်စီသည် ငလျင်ဘေး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန် မြင့် ဆောင်ရွက်ရန်နှင့် တည်ငြိမ်အေးချမ်းရေးကို ရှေ့ရှူးပြီး ယာယီ အပစ်ရပ်သက်တမ်းကို မေလ ၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ တစ်လ ထပ်တိုးထားမည်ဟု ထုတ်ပြန်ထားသည်။

ယာယီ အပစ်ရပ် သက်တမ်း တစ်လ ထပ်တိုးမည်ဟု ထုတ်ပြန်ထားသော်လည်း လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကို စစ်ကောင်စီက ပြည်နယ်နှင့် တိုင်းဒေသကြီးများ တွင် နေ့တိုင်း လုပ်ဆောင်နေပြီး တိုက်ပွဲ များလည်း ဆက်လက် ဖြစ်ပွားနေသည်ဟု တော်လှန်ရေး အင်အား စုများက ပြောသည်။