ရခိုင်တွင် စစ်ကောင်စီကြောင့် ၂ ရက်အတွင်း အရပ်သား ၁၄ ဦးသေဆုံး

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မေလ ၁၄ ရက်။

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂ ရက်အတွင်း အရပ်သားပြည်သူ ၁၄ ဦးသေဆုံးပြီး ၂၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု အာရက္ခတပ်တော် ULA/AA က မေလ ၁၄ ရက်နေ့(ယနေ့) ညတွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ မေလ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် လုပ်ဆောင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သားပြည်သူများ ထိမှန်သေဆုံး ဒဏ်ရာ ရရှိခဲ့ကြသည်ဟု ULA/AA က ဆိုသည်။

စစ်ကောင်စီတပ်သည် မေလ ၁၄ ရက်နေ့ (ယနေ့)တွင် ကျောက်တော်မြို့ရှိ လူနေရပ်ကွက်များထဲကိုလေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်သောကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့သည်ဟု အာရက္ခတပ်တော် AA က ယနေ့ ည သတင်းထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

အာရက္ခတပ်တော် ULA/AA က ၂၀၂၅ ခုနှစ်၊ မေလ (၁၄) ရက်နေ့၊ ညနေ (၃) နာရီ (၅၁) မိနစ်အချိန်ခန့် တွင်လည်း ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီတပ်မှ ကျောက်တော်မြို့ရှိ လူနေအိမ်ရပ်ကွင်များအတွင်းသို့ ဂျက်ဖိုက်တာ (၁) စီးဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လက်ရှိအချိန်အထိ အပြစ်မဲ့ပြည်သူ (၂) ဦးသေဆုံးခဲ့ပြီး နေအိမ် (၉) လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု  ပြောသည်။

ကျောက်တော် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်သေဆုံးမှု အသေးစိတ် နှင့် နောက်ဆက်တွဲ အခြေအနေများကို ထပ်မံ ဖော်ပြပေးသွားမည်ဟု ULA/AA က ဆိုသည်။

ထို့အပြင် မေလ ၁၃ ရက်နေ့ (ယမန်နေ့)ကလည်း စစ်ကောင်စီတပ်သည် ရသေ့တောင်မြို့နယ် ထွန်းရဝေရွာကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် လူထိခိုက်သေဆုံးခဲ့ရသည့် အခြေအနေများနှင့် ပတ်သက်၍ AA က မေလ ၁၄ ရက်နေ့(ယနေ့) ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်း ထုတ်ပြန်ထားသည်။

၂၀၂၅ ခုနှစ်၊ မေလ (၁၃) ရက်နေ့၊ နံနက် (၁၀) နာရီ (၅) မိနစ်အချိန်တွင် ရသေ့တောင်မြို့နယ်၊ ထွန်းရဝေ ရွာဟောင်း အား ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ (၁၂) ဦးသေဆုံးခဲ့ပြီး (၂၃) ဦးဒဏ်ရာရရှိခဲ့ကာ နေအိမ် (၃၁) လုံး ပျက်ဆီးဆုံးရှုံး ခဲ့ရသည် ဟု ULA/AA က ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

သေဆုံးသူများ၏ စာရင်းကို ULA/AA က နာမည်များနှင့် တကွ ထုတ်ပြန်ထားသည်။

ငလျင်ဒဏ်ကို အပြင်းအထန်ခံစားနေကြရသော ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ များကို ထိရောက်စွာပေးနိုင်ရန်အတွက် ULA/AA အနေဖြင့် တစ်ဖက်သတ် အပစ်ရပ်ကာလကို မေလ (၃၁) ရက်နေ့အထိ တစ်လတာ တိုးမြှင့်ထားသည့်အချိန်ကာလအား အခွင့်ကောင်းယူကာ စစ်ကောင်စီတပ်မှ အပြစ်မဲ့ပြည်သူများအား ယခုကဲ့သို့လာရောက် တိုက်ခိုက်နေမှုများကို ပြင်းထန်စွာရှုတ်ချလိုက်သည်ဟု ULA/AA က ဆိုသည်။ 

ထို့အပြင် အသက်ဆုံးရှုံးသွားခဲ့ရသော မိဘပြည်သူလူထုများ၏ မိသားစု၊ ဆွေမျိုးများနှင့် ထပ်တူဝမ်းနည်းသည့် အပြင်  အပြစ်မဲ့အရပ်သား အာရက္ခပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေပြီး စစ်ရာဇဝတ်မှုများကို နိုင်ငံအနှံ့ဆက်တိုက် ကျူးလွန်နေသော စစ်ကောင်စီ၏ လုပ်ရပ်ကို ကောင်းစွာမှတ်တမ်းတင်ထားပါသည်ဟု ULA/AA က ပြောသည်။