ရွေးကောက်ပွဲ ဝင်မည့် USDP ကိုယ်စားလှယ်တစ်ဦး လုပ်ကြံခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်။
စစ်ကောင်စီ ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင် ဖွံ့ဖြိုးရေးပါတီ (USDP) မှ ကိုယ်စားလှယ် တစ်ဦး လုပ်ကြံခံလိုက်ရသည်။
ရှမ်းပြည်တောင်ပိုင်း၊ မောက်မယ်မြို့နယ်တွင် (USDP) မှ ကိုယ်စားလှယ် အမတ်တစ်ဦး လုပ်ကြံ သတ်ဖြတ်ခံရ သည်ဟု ဒေသတွင်း နီးစပ်သူများက ပြောသည်။
ယခင် ရွေးကောက်ပွဲများတွင် မောက်မယ်မြို့နယ်က အနိုင်ရခဲ့သော စိုင်းငေါင်းဆိုင်ဟိန်းကို ၎င်း၏ နေအိမ်နှင့် ၂ မိုင်ခန့် ကွာဝေး သည့် တောင်ယာခြံထဲ၌ အမည်မသိ လက်နက်ကိုင် လူတစ်စုက လာရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆို သည်။
မောက်မယ်မြို့နယ်ရှိ USDP ပါတီဝင်များနှင့် အဆက်အသွယ်ရှိသူ တစ်ဦးက “သူ့အစ်ကို လိုက်သွားတော့ အလောင်းတွေ့တယ်လို့ ကြားတယ်။ တစ်ချို့ ခြံချင်းနီးတဲ့သူတွေ ပြောတာတော့ ဆိုင်ကယ် ၂ စီးဝင်လာပြီး ပစ်သံ ဘာညာကြားတယ်လို့လည်း ပြောကြတာပဲ။ သူက စစ်တပ်ဖက်က ဆိုပေမယ့် လူကောင်း တစ်ယောက် ပါ။ မောက်မယ်မှာ မသိတဲ့သူ မရှိဘူး” ဟု ပြောသည်။
စိုင်းငေါင်းဆိုင်ဟိန်းအား ဇူလိုင်လ ၁၁ ရက်နေ့၊ နံနက် ၉ နာရီ အချိန်ခန့်တွင် ဦးခေါင်း၌ သေနတ်ဒဏ်ရာ ၂ ချက်ဖြင့် သေဆုံးနေသည့် အလောင်းကို တွေ့ရှိခဲ့ရပြီး သေဆုံးချိန်၌ အသက် ၆၂ နှစ် ရှိပြီဟု ဆိုသည်။
သေဆုံးသူမှာ မောက်မယ်မြို့နယ်အတွင်း နာမည်ပျက် မရှိသော်လည်း လက်ရှိကာလ၌ စစ်ကောင်စီနှင့် အနီးကပ် နေ၍ ရွေးကောက်ပွဲအတွက် အားကြိုးမာန်တက် ပြင်ဆင်နေသူ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
စိုင်းငေါင်းဆိုင်ဟိန်းနှင့် ပုဂ္ဂိုလ်ရေးအရ နီးစပ်သူ တစ်ဦးက “မောက်မယ်မှာက PDF တွေ မရှိဘူးဆိုတော့ ပြောရ ခက်ပါတယ်။ သူအာဏာ ရတုန်းကတော့ တော်တော်လုပ်ပေးခဲ့ပါတယ်။ လူတိုင်းကို ပြုံးပြုံးရယ်ရယ်ပဲ ဆက်ဆံ တယ်။ ပေါင်းသင်းဆက်ဆံရေး တအားကောင်းတယ်။ ဒီကာလတော့ ဘက်မတူရင် ပစ်သတ်ကြတာတော့ တော် တော် စိတ်မကောင်း ဖြစ်မိတယ်” ဟု ပြောသည်။
ကျောင်းဆရာဟောင်း တစ်ဦးဖြစ်သည့် စိုင်းငေါင်းဆိုင်ဟိန်းသည် ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကာလများအတွင်း ၃ ကြိမ်တိတိ အနိုင်ရခဲ့သူ ဖြစ်ပြီး လာမည့် စစ်ကောင်စီ ရွေးကောက်ပွဲ အတွက်လည်း ယှဉ်ပြိုင်ရန် ထပ်မံရွေးချယ်ခံထားရသူ ဖြစ်သည်။
မောက်မယ်မြို့နယ်၏ နေရာအများစုကို ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PNLA) မှ ထိန်းချုပ် ထားပြီး သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ သျှမ်းပြည် တပ်မတော် (RCSS/ SSA) ကလည်း မကြာ ခဏ ဝင်ရောက် သွားလာလေ့ရှိသည်ဟု ဒေသခံများက ပြောသည်။