အမေရိကန်နှင့် မဟာမိတ်များ PrSM (ပရစ်ဇင်မ်) တာဝေးပစ် ဒုံးကျည် စမ်းသပ်အောင်မြင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်။

အမေရိကန်နှင့် မဟာမိတ်တို့သည် လက်နက်ပြိုင်ဆိုင်မှုတွင် တရုတ်နိုင်ငံ၏ ရှေ့ကို ရောက်နေအောင် ကြိုးစား ကြရသည်။

ထိုသို့ ရှေ့ကို ရောက်နေအောင် ကြိုးစားမှုသည် တရုတ်၏ သိမ်းပိုက်မှုကို ခြိမ်းခြောက်ခံနေရသော ထိုင်ဝမ် အတွက် အာမခံချက် တစ်ခုလည်း ဖြစ်သည်။

စီးပွားရေး အင်အား ကြီးလာပြီး လက်နက်အင်အား တောင့်တင်းလာသော တရုတ်သည် လက်နက်ပြိုင်ဆိုင်မှု၌ အသာစီးရလာသည်နှင့် ထိုင်ဝမ်ကို သိမ်းပိုက်ရန် အလားအလာ အများကြီး ရှိနေသည်။

ယခုနှစ်ဆန်းပိုင်းတွင်လည်း တရုတ် သမ္မတ ရှီကျင့်ဖျင်က ထိုင်ဝမ်မှာ တရုတ်နိုင်ငံ၏ အစိတ်အပိုင်း ဖြစ်ပြီး တရုတ်က တချိန်ချိန်တွင် ပြန်ယူမှာ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။

လက်နက် အားပြိုင်မှုကို အပြောင်းအလဲ ဖြစ်စေနိုင်သည့် လက်နက်တစ်ခုကို အမေရိကန် မဟာမိတ်များက စမ်းသပ်နိုင်ခဲ့သည်။

မကြာသေးခင် ရက်အနည်းငယ်က (Precision Strike Missile – PrSM) ပရစ်ဇင်မ် ဟု ခေါ်သည့် ပစ်မှတ်ကို အတိအကျ ပစ်နိုင်သော မျိုးဆက်သစ် တာဝေးပစ် ဒုံးကျည် တစ်ခုကို စမ်းသပ်အောင်မြင်ခဲ့ကြသည်။

ထိုဒုံးကျည်ကို ဩစတေးလျနိုင်ငံတွင် ဩစတေးလျ စစ်တပ်က စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

PrSM ပရစ်ဇင်မ် ဟုခေါ်သည့် ပစ်မှတ်ကို အတိအကျ ပစ်နိုင်သော မျိုးဆက်သစ် တာဝေးပစ် ဒုံးကျည်ကို ဟိုင်းမားစ်ဟု ခေါ်သော အမေရိကန်ထုတ် ဒုံးကျည်ပစ် စနစ် (သို့မဟုတ်) အင်္ဂလန်ထုတ် MLRS ဒုံးကျည်ပစ် စနစ်တို့နှင့် ပစ်၍ ရသည်။

ဩစတေးလျ စစ်တပ်က စမ်းသပ်ခဲ့သည့် စမ်းသပ်မှုမှာ ကီလိုမီတာ ၁၉၀ ကျော် ဝေးသော ပစ်မှတ်ကို တစ်နာရီ ကီလိုမီတာ ၄၀၀၀ နှုန်းနှင့် သွားပြီး ထိမှန်ခဲ့သည်။

ယခုနောက်ဆုံးထုတ် PrSM (ပရစ်ဇင်မ်) ဒုံးကျည်များသည် ကီလိုမီတာ ၄၀၀ – ၅၀၀ ခန့်အထိ ပစ်နိုင်သည်ဟု လည်း ဆိုသည်။

အမေရိကန်နှင့် မဟာမိတ်များ၏ လက်နက် စမ်းသပ်မှု အလျင်စလို နိုင်နေခြင်းကိုမူ ယခု စမ်းသပ်မှုက သက်သေ ပြနေသည်။ ယခု စမ်းသပ်မှုကို ၂ နှစ်စော၍ လုပ်ခဲ့ကြသည်။

ဩစတေးလျကို PrSM (ပရစ်ဇင်မ်) ဒုံးကျည် တင်ပို့မှု တစ်နှစ်စော ပို့ဆောင်ခဲ့ပြီး ဟိုင်းမားစ် ပစ်လွှတ်မှု စနစ်ကိုမူ တစ်လစော၍ ပေးပို့ခဲ့သည်။

အဆိုပါ ပစ်မှတ် တိကျမှုရှိသည့် တာဝေးပစ် ဒုံးကျည်များမှာ တရုတ်၏ လေယာဉ်တင် သင်္ဘောကြီးများကို ခြိမ်းခြောက်နိုင်သည် ဖြစ်၍ တရုတ် – အမေရိကန် စစ်ရေး ကစားပွဲကို အလှည့်အပြောင်း ဖြစ်စေနိုင်မည်ဟု  ပညာရှင်များက သုံးသပ်နေ ကြသည်။

ဓါတ်ပုံ – EurAsian Times