စစ်ကော်မရှင်တပ် ရွာသားတစ်ဦးကို ပစ်သတ်ကာ ၁၀ ကို ဖမ်းဆီးသွား

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၂ ရက်။

လောင်းလုံးမြို့နယ်ထဲက ပန်းတင်အင်းကျေးရွာ မြောက်ပိုင်းတွင် စစ်ကော်မရှင် တပ်ဖွဲ့က နေအိမ် ၁၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ရွာသားတစ်ဦးကို ပစ်သတ်သွားဟည်။

ထို့အပြင် ရွာသား ၁၀ ဦးကိုပါ စစ်ကော်မရှင်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ရွာသားများက ပြောသည်။

ပစ်သတ်ခံရသူမှာ ရေဖြူမြို့နယ်၊ မူးဒူးဒေသခံ ခမ်းမဲ ဆိုသူ လူငယ်အမျိုးသားဖြစ်ပြီး ပန်းတင်အင်းကျေးရွာသူ နှင့် အိမ်ထောင်ကျပြီး ရွာတွင် နေထိုင်သူဖြစ်ကြောင်း ဆိုသည်။

ဇူလိုင်လ ၂၉ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး အင်အား ၇၀ ခန့်ရှိ စစ်ကော်မရှင်တပ် စစ်ကြောင်းကို ထားဝယ်အမျိုးသားလွတ်မြောက်ရေး တပ်တော် – DNLA တပ်ဖွဲ့နှင် ပူးပေါင်း မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များက ပန်းတင် အင်းကျေးရွာ မြောက်ပိုင်းရှိ ကွက်သစ်စာသင်ကျောင်း အနီးတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုနေ့က နှစ်ဖက်တိုက်ပွဲမှာ အချိန်အားဖြင့် ၁၀ နာရီကျော်ကြာ ဖြစ်ခဲ့ပြီးနောက် စစ်ကော်မရှင်တပ်က ကွက်သစ် ဘောလုံးကွင်း အနီးရှိသည့် နေအိမ် ၁၀ ကျော်ကို မီးရှို့ခဲ့ကာ လူငယ်အမျိုးသား တစ်ဦးကိုလည်း  ပစ်သတ်သွားခဲ့ခြင်း ဖြစ်သည်။

အသက် ၄၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးက ဘော်လုံးကွင်းအနားက အိမ် ၁၁ ဆောင်နဲ့ ရွာအထဲက တစ်ဆောင် ကို မီးရှို့ဖျက်ဆီးခဲ့တယ်။ အိမ်တွေမှာရှိနေတဲ့ ငွေကြေး ကျပ်သိန်းသုံးရာကျော်ကိုလည်း စစ်တပ်က ယူသွားတယ် ဟု ပြောသည်။

အလားတူ ငွေကြေား ကျပ်သိန်းငါးဆယ်နှင့် သိန်းခြောက်ဆယ်ကျော် ပါသွားသည့် အိမ်များလည်း ရှိနေကာ သိန်း ၁၀၀ ကျော်အထိ ပါသွားသည့် အိမ်များပင်ရှိနေကြောင်း ရွာသားများက ဆိုသည်။

မီးရှို့ခံလိုက်ရသည့် နေအိမ်များ အနက် နေအိမ်တစ်ဆောင်တွင်မူ မိုးအကုန်တွင် အလှူလုပ်ရန် စုဆောင်းထား သည့် ငွေကျပ် သိန်း ၃၀၀ နှင့် ရွှေသား ၃၅ ကျပ်သားမှာ မီးလောင်ရာတွင် ပါသွားခဲ့သည်။

သို့သော် ရွှေမှာ အရည်ပျော်ပြီး အခဲအတိုင်း ပြန်လည်ရရှိခဲ့ကာ ငွေသားပိုက်ဆံများ မီးလောင်ဆုံးရှုံးသွားခဲ့သည် ဟု ရွာသားများက ပြောသည်။

တိုက်ပွဲ ဖြစ်ပွားပြီးသည့်နောက် စစ်ကော်မရှင်တပ် စစ်ကြောင်းက ပန်းတင်အင်းကျေးရွာသို့ အင်အား ဖြည့်တင်း လာသည့် အင်အား ၅၀ ခန့်ပါ စစ်ကြောင်းနှင့်အတူ ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၄ နာရီခန့်က ထားဝယ် ရေနက်ဆိပ်ကမ်းရှိ ယာယီစခန်းဘက်သို့ ထွက်ခွာသွားသည်ဟု ရွာသားများက ဆိုသည်။

ရေနက်ဆိပ်ကမ်း ယာယီစခန်းသို့ ထွက်ခွာချိန်တွင်ရွာသား ၁၀ ဦးကို စစ်ကောင်စီစစ်ကြောင်းမှ ဖမ်းဆီးခေါ် ဆောင်သွားခဲ့သည်။

ဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံရသည့် ရွာသားများမှာ သြဂုတ်လ  ၁ ရက်နေ့ ညနေပိုင်းအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ရွာသားများက ပြောသည်။