၎င်းတို့မပါပဲ အပစ်ရပ် သဘောတူညီမှု မလုပ်ရန် ထရန့်ကို ဥရောပခေါင်းဆောင်များနှင့် ဇယ်လန်းစကီး တောင်းဆို
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၄ ရက်။
ယူကရိန်းနဲ့ ဥရောပ ခေါင်းဆောင်များက မနက်ဖန်တွင် ပြုလုပ်မည့် ရုရှား သမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန် သမ္မတ ဒေါ်နယ် ထရန့် တွေ့ဆုံသည့် အခါ ယူကရိန်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ၎င်းတို့ မပါပဲ မပြုလုပ်ရန် တောင်းဆိုလိုက်သည်။
ဂျာမဏီ ဝန်ကြီးချုပ် ဖရက်ဒရစ် မာ့ဇ် Friedrich Merz က သမ္မတ ထရန့်၊ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး နဲ့ တခြား ဥရောပ ခေါင်းဆောင် အများအပြား ပါဝင်သော အွန်လိုင်း ထိပ်သီးဆွေးနွေးပွဲကို ကျင်းပပေးခဲ့သည်။
အစည်းအဝေး အပြီးတွင် ပြင်သစ်သမ္မတ အီမန်နျူယယ် မာခရွန်က ဝါရှင်တန်က အပစ်အခတ်ရပ်စဲရေး ဖြစ်စေလိုကြောင်း နဲ့ ယူကရိန်း နယ်မြေ ကိစ္စများကို ဇယ်လန်းစကီးမပါပဲ အမေရိကန် သမ္မတ ထရန့် အနေနဲ့ အပေးအယူလုပ်လို့ မရကြောင်း “အလွန်ရှင်းလင်းစွာ” သိရှိတယ် ဟု ပြောသည်။
သမ္မတ ထရန့်ကတော့ အဆိုပါ အွန်လိုင်း ထိပ်သီး အစည်းအဝေးဟာ အဆင်ပြေသည်ဟု ဆိုပြီး ၎င်းနှင့် သမ္မတ ပူတင်တို့ အကြား ဆွေးနွေးမှု အဆင်ပြေပါက သမ္မတ ပူတင်နဲ့ သမ္မတ ဇယ်လန်းစကီးတို့အကြား ဆွေးနွေးမှုလည်း ချက်ချင်းဖြစ်လာနိုင်သည်ဟု ပြောသည်။
တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းတွင် ဥရောပနဲ့ အမေရိကန် အကြီးအကဲများ အကြား သဘောတူညီချက် ၅ ရပ် ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားသည်။
သဘောတူညီချက် ၅ ရပ်မှာ ရုရှား-ယူကရိန်း ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးတွင် ယူကရိန်းဘက်က တိုက်ရိုက်ပါဝင်ရန်၊ ယူကရိန်းနဲ့ သက်ဆိုင်သော ကိစ္စရပ်အလုံးစုံကို ယူကရိန်းနှင့်သာ ဆွေးနွေးရန်၊ ယူကရိန်း-အမေရိကန်-ရုရှား သုံးပွင့်ဆိုင် ဆွေးနွေးပြင်ဆင်မှုများ ပြုလုပ်သွားရန်၊ မဖြစ်မနေ အပစ်ရပ်ပြီး ယူကရိန်း အတွက် အတိအလင်း လုံခြုံရေးအာမခံမှု ရရှိစေရန်နှင့် အပစ်ရပ်ရေးကို ရုရှားဘက်က သဘောတူညီမှုမရှိပါက ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ အရှိန်မြှင့်တင်ရန် တို့ ပါဝင်သည်ဟု ယူကရိန်း သမ္မတ ဇယ်လန်းစကီးကို ကိုးကား ဖော်ပြထားသည်။
အမေရိကန် သမ္မတ နှင့် ရုရှားသမ္မတတို့နှစ်ဦး မနက်ဖန် သောကြာနေ့တွင် အလာစကာတွင် တွေ့ဆုံရန် ရှိသည်။
ရုရှားက အပစ်အခတ်ရပ်စဲရေး လိုချင်ရင် ခရိုင်းမီးယား အပါအဝင် ရုရှားက တိုက်ခိုက် သိမ်းပိုက်ထားသည့် ယူကရိန်း၏နယ်မြေများကို ၎င်းတို့အားပေးရန် တောင်းဆိုထားပြီး ယူကရိန်းကတော့ အဆိုပါ တောင်းဆိုချက်ကို လက်မခံနိင်ဟု ဆိုထားသည်။