ဗီဇာဖြင့် နေထိုင်သူ ၅၅ သန်းကို အမေရိကန် စီစစ်မည်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်။ 

အမေရိကန်တွင် ဗီဇာ ဖြင့် နေထိုင်နေသူ လူ ၅၅ သန်းကို ပြန်လည် စစ်ဆေးသွားမည်ဟု အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

ဗီဇာနှင့် နေထိုင်နေကြသည့် နိုင်ငံခြားသားများကို အစိုးရ အရာရှိများက နေရပ် ပြန်ပို့၍ရမရ စစ်ဆေးသွားမည်ဟု ဆိုသည်။ 

ထိုသို့ စီစစ်ရာတွင် ဥပဒေ စိုးမိုးမှု ဆိုင်ရာမှတ်တမ်းများ၊ လူဝင်မှု ကြီးကြပ်ရေး မှတ်တမ်းများနှင့် Visa ထုတ်ပေးပြီးနောက်ပိုင်း နေထိုင်ခွင့်ကို ရုတ်သိမ်းသင့်သည်ဟု ညွှန်ပြနိုင်သည့် တခြား အကြောင်းအရာများကို စီစစ်သွားမည်ဟု နိုင်ငံခြားရေး ဌာနက Newsweek သတင်းကို ပြောသည်။ 

ယာယီ ဗီဇာဟု သတ်မှတ်ထားသည့် ပညာရေး ဗီဇာ နှင့်  ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်များ အတွက် ဗီဇာများလည်း စီစစ်ရာတွင် ပါဝင်မည်ဟု ဆိုသည်။ 

အဓိက အားဖြင့် အမေရိကန်တွင် ပြစ်မှုကျူးလွန်ထားသည့် မှတ်တမ်းရှိသူများ၊ ဗီဇာ သတ်မှတ်ချက် ချိုးဖောက်သူများနှင့် အမေရိကန် ဆန့်ကျင်ရေး လုပ်ဆောင်ပြောဆိုသူတွေ ပါဝင်သည်ဟု လေ့လာသူများက ဆိုသည်။