နီပေါတွင် ဂျန်ဇီများ ဆန္ဒပြ၊ ဝန်ကြီးချုပ် ရာထူးမှ နှုတ်ထွက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်။ 

လူအသေအပျောက်ရှိခဲ့သည့် ဆန္ဒပြပွဲများ နိုင်ငံအနှံ့ ဖြစ်ပွား နေသည့်  နီပေါ နိုင်ငံတွင် ဝန်ကြီးချုပ် Sharma Oli နှုတ်ထွက်သွားခဲ့သည်။ 

နီပေါ နိုင်ငံ မြို့တော် ခတ္တမန္ဒူ တွင် “Gen-Z” (ဂျန်ဇီ) ဟု ခေါ်သော ဆန္ဒပြသူများနှင့် ရဲများ အကြား တိုက်ခိုက်မှုများကြောင့် တနင်္လာနေ့က လူအသေအပျောက်ရှိခဲ့သည်။ 

အစိုးရက လူမှု ကွန်ရက် ပလက်ဖောင်း ၂၆ ခုကို ပိတ်လိုက်ပြီးနောက်တွင် အဂတိလိုက်စားမှုဆန့်ကျင်ရေး ဆန္ဒ ပြမှုများ ဖြစ်ပွားခဲ့သည်။ 

ဆန္ဒပြသူများက လွှတ်တော် အဆောက်အဦကို ဝင်ရောက် ဆီးနင်းပြီး မီးရှို့ခဲ့ပြီးနောက် ထိပ်တန်း နိုင်ငံရေး ခေါင်းဆောင်များ၏ နေအိမ်များကိုလည်း မီးရှို့ခဲ့သည်။ 

ဝန်ကြီးချုပ်ဟောင်း Jhalanath Khanal ၏ အိမ်ကို မီးရှို့ရာ ဇနီးဖြစ်သူသည် အိမ်ထဲတွင် ပိတ်မိနေခဲ့ပြီး မီးလောင်ဒဏ်ရာများ ပြင်းပြင်းထန်ထန် ရသွားခဲ့သည်။ 

တနင်္လာနေ့က ဆန္ဒပြမှုများတွင် ဆန္ဒပြလူအုပ်များအတွင်းသို့ ရဲများက ရော်ဘာကျည်ဆံများနှင့် ပစ်ခတ်မှုများနှင့် မျက်ရည်ယိုဗုံးများနှင့် တိုက်ခိုက်မှုများကြောင့် ဆန္ဒ ပြသူ ၁၉ ဦး သေဆုံးသွားခဲ့သည်။ 

နှုတ်ထွက်သွားသည့် ဝန်ကြီးချုပ်က ပြဿနာများ အဖြေရှာနိုင်ရန်နှင့် နိုင်ငံရေး ပြဿနာများကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေနဲ့ အညီ ဖြေရှင်းနိုင်ရန် နှုတ်ထွက်ခြင်းဖြစ်သည်ဟု ပြောသည်။ 

ထို့နောက်တွင် ပိတ်ထားသော လူမှု ကွန်ရက်များကိုလည်း ပြန်ဖွင့်ပေးခဲ့သည်။ 

အင်္ဂါနေ့တွင် ခတ္တမန္ဒူ အပြင်အပတွင် ရှိသော နေရာ အနှံ့အပြားတွင် ဆန္ဒပြမှုများ ဆက်ဖြစ်နေခဲ့ပြီး ဒုတိယ မြို့တော် Pokhara က ပြည်နယ် လွှတ်တော် အပါအဝင် နေရာအနှံ့က အစိုးရ အဆောက်အဦအများအပြား ဖျက်ဆီးခံခဲ့ရသည်။ 

ကုလသမဂ္ဂ အဖွဲ့အစည်းများက ဆန္ဒပြသူများ သေဆုံးရမှုနှင့် အင်အား အလွန်အကျွံ သုံးစွဲခဲ့သည်ဆိုသော သတင်းထွက်ပေါ်မှုများ အပေါ် စုံစမ်းစစ်ဆေးမှုများ လုပ်ရန် တောင်းဆိုလိုက်သည်။