တောင်တရုတ် ပင်လယ်တွင် ဖိလစ်ပိုင် သင်္ဘောများအား တရုတ်က ရေ အမြောက်နှင့် ပစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်။ 

တောင်တရုတ်ပင်လယ်ရှိ အငြင်းပွားနေသော Scarborough Shoal (စကားဘိုရို ရေတိမ်ပိုင်း) အနီးတွင် တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့က ဖိလစ်ပိုင် သင်္ဘောများကို ရေအမြောက်နှင့် ပက်ခဲ့သည်။ 

လူတစ်ယောက် ဒဏ်ရာရသွားသည့် အင်္ဂါနေ့က ဖြစ်ရပ်ကို ဖိလစ်ပိုင်နိုင်ငံက တရုတ်၏ ရန်လိုမှု ဟု စွပ်စွဲထားသည်။ 

တရုတ်ဘက်ကတော့ ဖိလစ်ပိုင် သင်္ဘောများက တရားမဝင် ကျူးကျော် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲထားသည်။ 

ဖိလစ်ပိုင် သင်္ဘော ၁၀ စီးဝင်ရောက်လာပြီးမှသာ ရေအမြောက်များနှင့် ပက်ခဲ့သည်ဟုလည်း တရုတ်ဘက်က ပြောသည်။ 

ဖိလစ်ပိုင် မော်တော်ဘုတ် တစ်စီးသည် တရုတ် သင်္ဘောတစ်စီးကို ဝင်တိုက်ရန် တမင်သက်သက် ကြိုးစားခဲ့သည်ဟုလည်း တရုတ်က ပြောသည်။ 

ဖိလစ်ပိုင်ဘက်ကတော့ လူသားချင်းစာနာမှု လုပ်ငန်းစဉ်ကို တရုတ်က နှောက်ယှက် ဖျက်စီးခဲ့သည်ဟု ဆိုသည်။ 

ဤအဖြစ်အပျက်သည် လွန်ခဲ့သည့် အပတ်က အဆိုပါ ရေတိမ်ပိုင်းကို တရုတ်က အမျိုးသား သဘာဝ ထိန်းသိမ်းရေးဇုံ အဖြစ် ပြောင်းလဲရန်  အစီအစဉ်ကို အတည်ပြုလိုက်ပြီး နောက်တွင် ဖြစ်ပွားလာခဲ့ခြင်း ဖြစ်သည်။ 

ထိုနေရာကို အမျိုးသား သဘာဝ ထိန်းသိမ်းရေးဇုန် တည်ဆောက်ခြင်းသည် ဒေသတွင်း တည်ငြိမ်မှုကို ပျက်ပြားစေသည့် တရုတ်၏ နောက်ထပ် အတင်းအကြပ် လုပ်ဆောင်မှု တစ်ခု ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီယိုက ပြောသည်။