စစ်ကော်မရှင်၏ ရွေးကောက်ပွဲ မဲဆွယ်ကာလ စတင်၊ တော်လှန်ရေး အင်အားစုများက ဆန့်ကျင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်။

စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က ၂၀၂၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေး ကာလကို ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့မှ စတင်လိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာလိုက်သည်။

UEC က ပါတီ ကိုယ်စားလှယ်လောင်းများ အနေဖြင့် မူဝါဒနှင့် ကတိကဝတ်များကို စည်းရုံးဟောပြောခွင့်၊ ပိုစတာများ စိုက်ထူခွင့် ရပြီဟု ဆိုသော်လည်း ရွေးကောက်ပွဲ ဥပဒေကို တိကျစွာ လိုက်နာရန် သတိပေးထားသည်။

တစ်ချိန်တည်းမှာပင် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) က စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲ၏ မဲဆွယ်စည်းရုံးရေးကာလကို သပိတ်မှောက် ဆန့်ကျင်ရေးကာလ အဖြစ် သတ်မှတ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

လက်ရှိ မြေပြင်အခြေအနေတွင် မြို့နယ်အများအပြား၌ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး နိုင်ငံရေးပါတီ အများစုမှာ လူထုစည်းရုံးမှုကြီးများ မလုပ်နိုင်သေးဘဲ အွန်လိုင်းနှင့် ဒေသအလိုက် သေးငယ်သော လှုပ်ရှားမှုများ ဖြင့်သာ စတင်နေရသည်။

ရွေးကောက်ပွဲ စောင့်ကြည့်သူနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးကတရားမျှတမှုနဲ့ လုံခြုံရေး လုံးဝမရှိတဲ့ အချိန်မှာ စစ်ကောင်စီက အတင်းအဓမ္မ လုပ်မယ့် ဒီရွေးကောက်ပွဲက ပြည်သူ့ဆန္ဒကို ဘယ်တော့မှ အမှန်အတိုင်း ထင်ဟပ်နိုင်မှာ မဟုတ်ဘူး။ ဒါဟာ စစ်အာဏာရှင် သက်ဆိုးရှည်ဖို့အတွက် လုပ်တဲ့ အယောင်ပြပွဲ သက်သက်ပဲ ဟု မှတ်ချက်ပေးသည်။

စိုးရိမ်စရာ အဓိကအချက်များမှာ စစ်ဘေးရှောင်ဦးရေ များပြားနေခြင်းနှင့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အပါအဝင် တော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားသည့် ဒေသများတွင် ရွေးကောက်ပွဲကို လွတ် လွတ်လပ်လပ် လုပ်နိုင်မည့် အခြေအနေ လုံးဝမရှိခြင်းတို့ ဖြစ်သည်။

NUG နှင့် တော်လှန်ရေးအင်အားစုများကမူ စစ်ကော်မရှင်တပ်၏ ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ကန့်ကွက်ထားပြီး ဖြစ်သည်။