တနင်္သာရီ – ထိုင်းနယ်စပ် မောတောင်မြို့ကို KNU.သိမ်းပိုက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်။ 

KNU ဦးဆောင်သော တပ်များက မောတောင်နယ်စပ်မြို့ကို အပြီးသတ်သိမ်းပိုက်ပြီဟု KNU တပ်မဟာ (၄) အတွင်းရေးမှူး ပဒိုစောအယ်နားက အတည်ပြုပြောသည်။

တနင်္သာရီတိုင်း၊ မြန်မာ – ထိုင်း နယ်စပ်ရှိ အရေးပါသော ကုန်သွယ်ရေးမြို့ဖြစ်သည့် မောတောင်မြို့ တစ်မြို့လုံး ကို ကရင်အမျိုးသား လွတ်မြတ်ရေး တပ်မတော် (KNLA) ဦးဆောင်သော ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ များက နိုဝင်ဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် အပြီးသတ် သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ မြို့သိမ်းတိုက်ပွဲတွင် စစ်ကော်မရှင် တပ်ဖွဲ့ဝင် အယောက် ၅၀ ကျော်သည် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံသွားသည်ဟု မြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့က နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရန်အတွက် စစ်ကြောင်းထိုးလာ ရာမှ စတင်၍ KNLA ဦးဆောင်သော ပူးပေါင်းတပ်များနှင့် တိုက်ပွဲပြင်းထန်ခဲ့ပြီး၊ မြို့ပေါ်အထိပါ တိုက်ပွဲများ ကူးစက်ခဲ့သည်။ 

ပူးပေါင်းတပ်များတွင် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကပါ ပါဝင်တိုက်ခိုက်ခဲ့သည် ဟု တိုက်ပွဲတွင်ပါဝင်ခဲ့သည့် တပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုခဲ့သည်။

နိုဝင်ဘာလ ၁၁ ရက်နေ့ ကတည်းက မြို့မရဲစခန်း၊ လဝကရုံး၊ နယ်စပ်ဂိတ်နှင့် အခြားနေရာအများစုကို သိမ်းပိုက် ထားခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် မြို့ရှိ အဓိကစခန်းကုန်းဖြစ်သည့် နယ်စပ်ဗျူဟာစခန်း (ခလရ-၂၂၄) ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

မောတောင်မြို့ကို အပြီးသတ် ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်ကြောင်း KNU တပ်မဟာ (၄) အတွင်းရေးမှူး ပဒိုစောအယ်နား က အတည်ပြုခဲ့သည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၏ (NUG) တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲရေးမှူး တာဝန်ရှိသူကလည်း စစ်ကော် မရှင်တပ်က စစ်ကြောင်းထိုးတာကို ဟန့်တားနေရင်းကနေ တိုက်ပွဲက မြို့သိမ်းတိုက်ပွဲပုံစံ ပြောင်းလဲ သွားတာ ပါ။ လက်ရှိမှာ မြို့ပတ်ဝန်းကျင်တစ်ခုလုံးကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ထိန်းထားနိုင်ပြီ။ မြို့ပေါ်မှာ တော့ စစ်တပ်က ပိတ်မိနေတာတွေရှိနေသေးတယ်၊ နယ်မြေရှင်းလင်းနေတုန်းပဲ၊ အားလုံးပြီးသွားမှ သတင်း ထုတ်ပြန်ပေးပါ့မယ် ဟု ပြောသည်။

မောတောင်မြို့သိမ်း တိုက်ပွဲအတွင်း စစ်ကော်မရှင် တပ်ဖွဲ့ဝင်များမှာ အထိနာခဲ့ပြီး အများအပြားမှာ ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။

စစ်သား ၃၀ ဦးနီးပါးခန့် ထိုင်းဘက်သို့ ခိုလှုံခဲ့ရာ ထိုင်းစစ်တပ်မှ မြန်မာစစ်သားများထံမှ လက်နက် ၂၀ ကျော်ကို သိမ်းယူလိုက်သည်ဟု စစ်ဘေးရှောင်များက မျက်မြင်တွေ့ရှိခဲ့သည်။ 

ထိုင်းစစ်တပ်က ဓာတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများကို ပြန်လည်ဖျက်ခိုင်းခဲ့သည်ဟု ဆိုကြသည်။ 

စစ်ကော်မရှင်တပ်သားများ အပါအဝင် ပျူစောထီးနှင့် ရဲများပါဝင်သည့် အင်အား ၅၀ ခန့် သည် မောတောင်မြို့မှ တစ်ဆင့် ထိုင်းစစ်ကားများ ဝန်းရံကာ ပရာကျွတ်မြို့ဘက်သို့ ထွက်ခွာသွားနေသည်ကိုလည်း စစ်ရှောင်နေသူများ က မြင်တွေ့ခဲ့သည်ဟု ဆိုသည်။

မောတောင်မြို့ကို သိမ်းပိုက်နိုင်လိုက်ခြင်းကြောင့် ထိုင်းနိုင်ငံ၊ ဆင်ခွန်းမြို့နှင့် ထိစပ်နေသည့် အရေးပါသော နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို KNU/KNLA က ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်ပြီး၊ KNU တပ်မဟာ (၄) နယ်မြေဖြစ်သည့် တနင်္သာရီတိုင်း၏ အရှေ့ဘက် အကျဆုံး နယ်စပ် ဧရိယာတစ်ခုလုံးကို တော်လှန်ရေးတပ်တို့က ထိန်းချုပ်နိုင်လိုက်ပြီဟုလည်း သုံးသပ်သူများက ဆိုသည်။

လက်ရှိတွင် မြန်မာ – ထိုင်း နယ်စပ်ရှိ ဆင်ခွန် အလယ်ဂိတ်အနီး လမ်းမကြီးနံဘေးနှင့် ရော်ဘာတောများ အတွင်း သို့ မောတောင်မြို့မှ ပြည်သူ ၂,၀၀၀ ကျော် စစ်ဘေးရှောင် ရောက်ရှိနေကြပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများ အရေးပေါ် လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။