KNU မှ ပဋိပက္ခဒဏ်ခံ လူငယ်များအတွက် အနာဂတ် ပညာရေးဖော်ဆောင်မည်

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်။

ကရင်အမျိုးသား အစည်းအရုံး (KNU) သည် ပဋိပက္ခနယ်မြေများမှ လူငယ်များအတွက် အာမခံချက်ရှိသော ပညာရေးစနစ် ဖော်ဆောင်ရန် ရည်ရွယ်၍ ‘ကော့သူးလေ အဆင့်မြင့်ပညာရေးကောင်စီ (Council of Higher Education, Kawthoolei)’ ကို ဥပဒေအရ အဖွဲ့အစည်းတစ်ခုအဖြစ် တည်ထောင်ရန် မူအားဖြင့် သဘော တူညီခဲ့ကြောင်း နိုဝင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ဆုံးဖြတ်ချက်ကို နိုဝင်ဘာလ ၆ ရက်နေ့က ကျင်းပသော ကော့သူးလေ အဆင့်မြင့်ပညာရေးဆိုင်ရာ ဦးဆောင်ညီလာခံတွင် ပညာရေးခေါင်းဆောင်နှင့် ပညာရှင်များ အပါအဝင် အယောက် ၈၀ ကျော် ပါဝင် ဆွေးနွေးပြီးနောက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကောင်စီကို ဖွဲ့စည်းရခြင်းမှာ ပဋိပက္ခဒဏ်ခံနေရသည့် ဒေသများတွင် ပညာရေး၏ စဉ်ဆက်မပြတ်ရှိမှု ကို သေချာစေဖို့ရန်နှင့် အရည်အသွေးရှိသည့် ပညာရေးကို ဆက်လက်ပံ့ပိုးရန် ဖြစ်သည်ဟု ဆိုသည်။

ထိုကောင်စီသည် အဆင့်မြင့် ပညာရေး ကဏ္ဍအတွက် အုပ်ချုပ်မှု ဖွဲ့စည်းပုံနှင့် မူဝါဒများကို ခိုင်မာစေရန်၊ လက်ရှိ နှင့် ရေရှည် စိန်ခေါ်မှုများကို ဖြေရှင်းရန် မဟာဗျူဟာမြောက် လမ်းညွှန်မှုများ ပေးအပ်ရန် ရည်ရွယ်သည်။

KNU ထုတ်ပြန်ချက်တွင် ဒီပဏာမ ခြေလှမ်းဟာ နောက်မျိုးဆက် လူငယ်တွေကို တတ်သိပညာ တပ်ဆင်ပေးရုံ သာမကဘဲ၊ ကော့သူးလေရဲ့ မိမိကိုယ်ကို ဆုံးဖြတ်ပိုင်ခွင့်နဲ့ ရေရှည်တည်တံ့တဲ့ နိုင်ငံတည်ဆောက်ရေး မျှော်မှန်း ချက်ကို အထောက်အကူ ပြုဖို့အတွက်ပါ ဟု ဖော်ပြထားသည်။

ဤလုပ်ဆောင်ချက်သည် ပဋိပက္ခများကြားမှနေ၍ အနာဂတ်ကို တည်ဆောက်မည့် ပညာရေးစနစ် သစ် တစ်ခုကို စနစ်တကျ ခိုင်မာအောင် လုပ်ဆောင်ရန် ခြေလှမ်းသစ်တစ်ခုသည်ဟု KNU က ဆိုသည်။