စစ်ရေး ပူးပေါင်း လုပ်ဆောင်ရန် နွေဦးတော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု ဖွဲ့စည်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်။
လေးနှစ်နီးပါးကြာမြင့်လာသည့် နွေဦးတော်လှန်ရေးတွင် စစ်ရေးအရွေ့ကို ပိုမိုအားကောင်းစေရန် ရည်ရွယ်၍ တော်လှန်ရေးအင်အားစု ၁၉ ဖွဲ့ ပါဝင်သည့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance – SRA) ကို ဒီဇင်ဘာ ၁၅ ရက်နေ့တွင် တရားဝင် ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။
ဤတပ်ပေါင်းစု ပေါ်ပေါက်လာခြင်းသည် နိုင်ငံတစ်ဝှမ်းရှိ တော်လှန်ရေးအင်အားစုများ အကြား စုစည်းမှု ခိုင်မာ စေပြီး၊ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ရာတွင် ပိုမိုမဟာဗျူဟာကျသည့် ပူးပေါင်းတိုက်ပွဲဝင်မှုများ ဖော်ဆောင်နိုင်ရေးအတွက် အရေးပါသော အလှည့်အပြောင်းတစ်ခုဖြစ်ကြောင်း SRA က ဆိုသည်။
SRA တွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)၊ ချင်းညီနောင် (CB)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ကျောင်းသားလက်ရုံးတပ်တော် (SAF) ကဲ့သို့သော အဓိကကျသည့် တိုက်ပွဲဝင်အဖွဲ့များ ပါဝင်သည်။ နိုင်ငံတစ်ဝှမ်း ဒေသအသီးသီးမှ အခြေစိုက်သည့် ၎င်းတို့၏ စုစုပေါင်းအင်အားမှာ သောင်းဂဏန်းအထိ ရှိနေကြောင်း SRA က အသိပေးထားသည်။
SRA အဖွဲ့ဝင် ကိုမင်းဟန်ထက် က လေးနှစ်နီးပါးကြာလာသည့် တော်လှန်ရေးကာလအတွင်း စုစည်းမှု ပိုမို ခိုင်မာစေရန်နှင့် စစ်ရေးအရွေ့အားကောင်းစေရန် အတွက် တပ်ပေါင်းစုကို ဖွဲ့လိုက်ခြင်း ဖြစ်သည်ဟု သတင်းမီဒီယာ များကို ပြောဆိုထားသည်။
၎င်းတို့၏ ရည်မှန်းချက်မှာ ‘တပ်ပေါင်းစုဖြင့် အောင်ပွဲခံမည်’ ဟူသည့် ကြွေးကြော်သံအတိုင်း စစ်ရေးထိုးစစ်များ ကို ဆက်လက်ဆောင်ရွက်သွားရန် ဖြစ်သည်။
SRA ၏ ဦးဆောင်ကော်မတီအဖွဲ့ဝင်နှင့် ပြောရေးဆိုခွင့်ရှိသူ ခွန်းဘီထူး က တပ်ပေါင်းစု ဖွဲ့စည်းခြင်း မပြုမီ ကတည်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးနှင့် ယာယီသမ္မတတို့နှင့် တွေ့ဆုံ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း PVTV ကို ပြောသည်။
ကိုခွန်းဘီထူး က “အရေးကြီးတဲ့ အနှစ်သာရတစ်ခုကတော့ ဒီနေ့တော်လှန်ရေးမှာ ကျနော်တို့ရဲ့ အရင်းမြစ်တွေ၊ ကျနော်တို့ရဲ့ အဆက်အသွယ်တွေ၊ ကျနော်တို့ရဲ့ ထောက်ပို့လမ်းကြောင်းတွေကို အတူတူမျှဝေသုံးစွဲပြီးမှ ဒီတော်လှန်ရေးခရီးကို တောင့်ခံပြီးမှ ဖြတ်ကျော်ကြဖို့ရယ် အောင်မြင်မှုတွေကို ဆွတ်ခူးပေးနိုင်ဖို့ အတွက်ကို ကျနော်တို့ သဘောတူလိုက်တဲ့ဟာက အရေးကြီးဆုံး တော်လှန်ရေးရည်မှန်းချက် ဖြစ်ပါတယ်” ဟု ပြောသည်။
SRA သည် NUG နှင့် ချိတ်ဆက်မှု အားကောင်းကောင်းဖြင့် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ NUG ၏ Command and Control (COC) အောက်တွင် ရပ်တည်သည့် PDF/ပကဖ များကိုသာမက၊ ERO (တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့) များ၏ စီမံမှုအောက်တွင် မရှိသော တပ်ဖွဲ့များကိုပါ စုစည်းကာ တော်လှန်ရေး အရှိန် အဟုန်ကို မြှင့်တင်ရန် ရည်ရွယ်သည်ဟု ၎င်းက ဖြည့်စွက်ပြောသည်။
ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA) ကလည်း ဒီဇင်ဘာ ၁၆ ရက်နေ့ ထုတ်ပြန်သော သဝဏ်လွှာတွင် ဤမဟာမိတ်တပ်ပေါင်းစု ပေါ်ပေါက်လာခြင်းကို ဝမ်းမြောက်ဂုဏ်ယူစွာ ကြိုဆို ကြောင်း ဖော်ပြခဲ့သည်။
“စစ်ရေးကဏ္ဍ” ကို ပိုမိုကောင်းမွန်သည့် အခြေအနေသို့ မြှင့်တင်နိုင်မည့် SRA ၏ အင်အားသည် နွေဦးတော်လှန် ရေးအတွက် မျှော်လင့်ချက်ရောင်နီ ဖြစ်ကြောင်း BNRA က သုံးသပ်ထားသည်။
ဤတပ်ပေါင်းစု ဖွဲ့စည်းနိုင်ရေးအတွက် တော်လှန်ရေးတပ်ဖွဲ့ ၇ ဖွဲ့သည် ၂၀၂၅ ခုနှစ်၊ မေလတွင် စတင် ညှိနှိုင်းခဲ့ ကြပြီး၊ နိုဝင်ဘာလ ပထမအပတ်၌ ကနဦးတွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ထို့နောက် ဘုံသဘောတူညီချက်များ ရရှိခဲ့ပြီးနောက် လွတ်မြောက်နယ်မြေ တစ်ခုတွင် နိုဝင်ဘာလ ၂၁ ရက်နေ့မှ စ၍ သုံးရက်ကြာ တပ်ပေါင်းစုဖြစ်မြောက်ရေး ညီလာခံကို ကျင်းပကာ အဖွဲ့ဝင် ၁၉ ဖွဲ့ဖြင့် SRA ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။