ထိုင်းရဲကို ပစ်ခတ်သူအား ကော်ဘရာစစ်ကြောင်းက ထိုင်းအာဏာပိုင်ထံ ပြန်လည်အပ်နှံ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်။
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် တာဝန်ကျ ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေး လွတ်မြောက်နေသည့် မြန်မာလူငယ်ကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောကိုယ်တိုင် ယနေ့ ဇန်နဝါရီလ ၂၂ ရက်တွင် ထိုင်းအာဏာပိုင်များထံ သွားရောက်အပ်နှံလိုက်သည်။
ပစ်ခတ်မှုကျူးလွန်သူမှာ အသက် ၂၁ နှစ်အရွယ် ကိုနိုင်လင်းအောင် (ခ) နဂါးကြီး ဖြစ်ပြီး ၎င်းသည် ကော်ဘရာ စစ်ကြောင်း၏ ရဲဘော်ဟောင်းတစ်ဦးဖြစ်သည်ဟု ဆိုသည်။
၎င်းသည် ဇန်နဝါရီ ၂၀ ရက်နေ့က မဲဆောက်မြို့၊ မယ်ကုရပ်ကွက်ရှိ 7-Eleven ဆိုင်အနီးတွင် ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးမှုကို ရှောင်လွှဲကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ထိုင်းရဲတပ်ကြပ်ကြီး တစ်ဦး ကျည်ထိမှန်ကာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။
ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ကိုနိုင်လင်းအောင်သည် သောင်ရင်းမြစ်ကို ဖြတ်ကျော်ကာ KNU နယ်မြေအတွင်းရှိ ၎င်း၏ စစ်ကြောင်းမှူးဟောင်း ဗိုလ်ဒါဘောထံ သွားရောက်အဖမ်းခံခဲ့ခြင်းဖြစ်သည်။
သို့သော် စစ်ကြောင်းမှူး ဗိုလ်ဒါဘောက တရားဥပဒေစိုးမိုးရေးနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ရှေးရှုကာ တရားခံအား ယနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ထိုင်းအာဏာပိုင်များထံ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ထိုင်းသတင်းများတွင် ဖော်ပြသည်။
ကိုနိုင်လင်းအောင်၏ မိသားစုဝင်များ၏ ပြောပြချက်အရ ၎င်းသည် စားဝတ်နေရေး ခက်ခဲမှုနှင့် ငွေကြေး လိမ်လည်ခံရမှုများကြောင့် လက်နက်သယ်ဆောင်သည့် အလုပ်ကို လုပ်ကိုင်မိသွားခြင်းဖြစ်သည်ဟု ဆိုသည်။
တစ်ဖက်တွင်လည်း သေနတ်ဒဏ်ရာရရှိခဲ့သည့် ထိုင်းရဲတပ်ကြပ်ကြီးမှာ လက်ရှိတွင် အသက်ဘေးမှ လွတ်မြောက်သွားပြီဖြစ်ကြောင်း ထိုင်းသတင်းများက ဆိုသည်။
အဆိုပါ ထိုင်းရဲတပ်ဖွဲ့ဝင်အတွက် မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများကလည်း မဲဆောက် ဆေးရုံကြီး သို့ သွားရောက်ကာ သွေးလှူဒါန်းပေးခဲ့ကြသည်။