မီဒီယာ သူဌေးကြီး ဂျင်မီလိုင်အား ထောင်ဒဏ်အနှစ် ၂၀ချလိုက်ခြင်းမှာ မီဒီယာ လွတ်လပ်ခွင့်ကို ပိတ်ပင်လိုက်ခြင်းဟု အများက ဝေဖန်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်။
ဟောင်ကောင်မီဒီယာသူဌေးကြီး ဂျင်မီလိုင် (Jimmy Lai) ကို တရုတ်အာဏာပိုင်တွေက ထောင်ဒဏ် ၂၀ နှစ် ချမှတ်လိုက်တဲ့ အပေါ် မိသားစု ဝင်တွေနဲ့ ခေါင်းဆောင်တချို့က တရုတ်နိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် ပိတ်ပင်မှုကို ဝေဖန်လိုက်ပါတယ်။
ဟောင်ကောင်ဒီမိုကရေစီအရေး လှုပ်ရှားသူနှင့် မီဒီယာသူဌေးကြီး ဂျင်မီလိုင် (Jimmy Lai) ကို တရုတ်အာဏာပိုင်များက ထောင်ဒဏ် ၂၀ နှစ် ချမှတ်လိုက်ခြင်းမှာ အသက် ၇၈ နှစ်အရွယ်ရှိပြီဖြစ်သည့် ဖခင်ဖြစ်သူအတွက် “သေဒဏ်” ချမှတ်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း ၎င်း၏သားဖြစ်သူက ပြောကြားလိုက်သည်။
ဗြိတိန်နိုင်ငံသားတစ်ဦးဖြစ်သည့် ဂျင်မီလိုင်သည် ၎င်း၏ Apple Daily သတင်းစာကို အသုံးပြု၍ ဟောင်ကောင်ဒီမိုကရေစီအရေးအတွက် တက်ကြွစွာ အသံထွက်ခဲ့သူဖြစ်သည်။
သို့သော် တရုတ်အစိုးရက ၂၀၂၀ ပြည့်နှစ်တွင် ပြဌာန်းခဲ့သည့် အငြင်းပွားဖွယ်ရာ “အမျိုးသားလုံခြုံရေးဥပဒေ” (NSL) အရ ၎င်းအား နိုင်ငံခြားအင်အားစုများနှင့် ပူးပေါင်းကြံစည်မှု၊ ဆူပူအုံကြွစေမည့် အရေးအသားများ ထုတ်ဝေမှုတို့ဖြင့် ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ပြစ်မှုထင်ရှားကြောင်း ဆုံးဖြတ်ခဲ့ပြီး ယခုအခါ ပြင်းထန်သော ထောင်ဒဏ်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။
၎င်းသည် အဆိုပါဥပဒေအောက်တွင် အပြင်းထန်ဆုံး ပြစ်ဒဏ်ချမှတ်ခံရသူဖြစ်လာပြီး၊ ဝေဖန်သူများကမူ ဤလုပ်ရပ်သည် ဟောင်ကောင်ရှိ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းလွတ်လပ်ခွင့် ကို အပြီးတိုင် နှိပ်ကွပ်လိုက်ခြင်းဖြစ်ကြောင်း ရှုမြင်ကြသည်။
ယူကေနိုင်ငံခြားရေးဝန်ကြီး အီဗက်ကူးပါး (Yvette Cooper) က ဂျင်မီလိုင်အား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်ဖြင့် ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုလိုက်ပြီး ယူကေအစိုးရအနေဖြင့် ပေကျင်းနှင့် အမြန်ဆုံး ဆက်သွယ်ဆောင်ရွက်သွားမည်ဟု ဆိုသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို (Marco Rubio) ကလည်း ဤစီရင်ချက်မှာ မတရားသည့်အပြင် ဝမ်းနည်းစရာကောင်းသော နိဂုံးတစ်ခုဖြစ်ကြောင်း၊ ၎င်းသည် ဟောင်ကောင်၏ အခြေခံလွတ်လပ်ခွင့်များအတွက် အသံထွက်သူများကို တိတ်ဆိတ်သွားအောင် တရုတ်အစိုးရက မည်မျှအထိ လုပ်ဆောင်နိုင်သည်ကို ကမ္ဘာကို ပြသလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (Reporters Without Borders – RSF) အဖွဲ့ကတော့ ဂျင်မီလိုင်ကို အရေးယူတာဟာ ဟောင်ကောင်မှာ ကျန်ရှိနေသေးတဲ့ သတင်းလွတ်လပ်ခွင့် အကြွင်းအကျန်ကို အပြီးတိုင် ချေမှုန်းပစ်လိုက်တာ လို့ ပြောပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ဂျင်မီလိုင်အပေါ် အရေးယူမှုများသည် ကျိုးကြောင်းဆီလျော်မှုရှိပြီး တရားဝင်ဖြစ်သည် ဟု ဆိုကာ နိုင်ငံတကာ၏ ဝေဖန်မှုများကို ပယ်ချခဲ့သည်။
ဂျင်မီလိုင်သည် လွန်ခဲ့သည့် ၅ နှစ်အတွင်း အမြင့်ဆုံးလုံခြုံရေးချမှတ်ထားသည့် အကျဉ်းထောင်တွင် တစ်ဦးတည်း သီးခြားချုပ်နှောင်ခံထားရသည်။
၎င်း၏သားဖြစ်သူ ဆီဘက်ရှီယန်လိုင် (Sebastien Lai) က ဖခင်ဖြစ်သူမှာ နှလုံးရောဂါရှိသည့်အပြင် လွန်ခဲ့သည့် တစ်နှစ်အတွင်း ၁၀ ကီလိုဂရမ်ခန့် ဝိတ်ကျသွားကြောင်း၊ ထို့ကြောင့် ထောင်ဒဏ် ၂၀ နှစ်မှာ အသက်အရွယ်နှင့် ကျန်းမာရေးအရ သေဒဏ်နှင့် မခြားဖြစ်နေကြောင်း BBC သတင်းဌာနကို ပြောခဲ့သည်။