အွန်လိုင်းချစ်သူနှင့် ချိန်းတွေ့ရာမှ ကားနှင့် ရွှေများ အခိုးခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။
အသက် ၅၀ အရွယ် အမျိုးသမီး တစ်ဦးက အွန်လိုင်းပေါ်တွင် တွေ့ဆုံခဲ့သည့် အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦးကို ယုံကြည်မိခဲ့ရာမှ ကား၊ ရွှေဆွဲကြိုးနှင့် တန်ဖိုးကြီး ဘုရားဆင်းတုတော်တို့ ခိုးယူခံလိုက်ရသည့် အဖြစ်အပျက် ထိုင်းနိုင်ငံ ဥဒုံဌာနီ Udon Thani မြို့တွင် ဖြစ်ပွားခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြသည်။
ရဲတပ်ဖွဲ့က ပျောက်ဆုံးသွားသော ကားကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။
မစ္စစ်ဘီ (အမည်လွှဲ) သည် Facebook ပေါ်တွင် မိမိကိုယ်မိမိ မုဆိုးဖိုဟု ပြောဆိုကာ ချဉ်းကပ်လာသည့် အသက် ၄၂ နှစ်အရွယ် မစ္စတာပူ (Mr. Pu) နှင့် ၂ လခန့် စကားပြောခဲ့ကြသည်။
၎င်းအမျိုးသားမှာ ယုံကြည်ထိုက်သူတစ်ဦးဟု ထင်မှတ်ခဲ့သဖြင့် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ဥဒုံဌာနီရှိ အပန်းဖြေစခန်းတစ်ခု၌ တွေ့ဆုံရန် ချိန်းဆိုခဲ့သည်။
၃ ရက်တာ အတူရှိနေစဉ်အတွင်း အမျိုးသမီးဖြစ်သူက အသုံးစရိတ်အားလုံးကို စိုက်ထုတ်ပေးခဲ့ရသည်။
အမျိုးသားဖြစ်သူက ၎င်း၏လစာရလျှင် ကုန်ကျစားရိတ်များ ပြန်ပေးမည်ဟု ကတိပေးခဲ့သည်။
ဖေဖော်ဝါရီလ ၈ ရက် တနင်္ဂနွေနေ့တွင် ကျောင်းကန်ဘုရားသို့ အတူသွားခဲ့ကြပြီးနောက် ညနေပိုင်းတွင် အမျိုးသားဖြစ်သူက လစာဝင်ပြီဖြစ်ကြောင်း၊ ငွေသွားထုတ်ရင်း ဘီယာဝယ်ခဲ့မည် ဖြစ်ကြောင်း ပြောကာ အမျိုးသမီး၏ Toyota Veloz တိုယိုတာကားကို မောင်းနှင်ထွက်ခွာသွားခဲ့သည်။
အမျိုးသားမှာ ကားမောင်းထွက်သွားပြီးနောက် အမျိုးသမီးထံ ဖုန်းဆက်၍ ငွေလွှဲပေးမည်ဟုဆိုကာ ဘဏ်အကောင့်နံပါတ် တောင်းခံခဲ့သည်။
သို့သော် ငွေလွှဲဝင်မလာသည့်အပြင် ၎င်း၏ ဖေ့စ်ဘွတ်ခ် အကောင့်ကိုပါ ပိတ်ပစ် (Block) ခဲ့သည်။
အမျိုးသမီးက အခန်းအတွင်း ပြန်လည်စစ်ဆေးရာ ၎င်း၏ ရွှေဆွဲကြိုးနှင့် (စုစုပေါင်းတန်ဖိုး ဘတ် ၈ သောင်းခန့်)တန်ဖိုးရှိ စိန်စီထားသည့် ရွှေဘောင်သွင်း ဘုရားဆင်းတုတော် ပါ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။
အမျိုးသမီးက ရဲစခန်းသို့ အကြောင်းကြားပြီး ကားအပိုသော့ကို ပေးအပ်ခဲ့ရာ၊ ရဲတပ်ဖွဲ့က စုံစမ်းထောက်လှမ်းမှုများ အမြန်ဆုံးပြုလုပ်ခဲ့ပြီးနောက် ဈေးဝယ်စင်တာတစ်ခု၏ ကားပါကင်တွင် ကားကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့သည်။
သို့သော် ခိုးယူသွားသည့် ရွှေထည်ပစ္စည်းများကိုမူ ပြန်မရသေးပေ။ အမျိုးသမီးမှာ အသည်းကွဲရုံသာမက ပစ္စည်းများလည်း ဆုံးရှုံးသွားခဲ့ရသည်။
ရဲက တရားရုံးတွင် ဖမ်းဝရမ်း ရယူပြီး ပျောက်ဆုံးသွားသော ထိုအမျိုးသားကို လိုက်လံ ရှာဖွေလျက်ရှိသည်။