ရုရှားနိုင်ငံက အင်တာနက် သုံးစွဲမှုကို တိုးမြှင့် ထိန်းချုပ်၊ Whatsapp ကို ရုရှားတွင် ပိတ်ပင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်။ 

ရုရှားအစိုးရ (ကရင်မလင်) သည် နိုင်ငံအတွင်း သတင်းအချက်အလက် စီးဆင်းမှုနှင့် ဆက်သွယ်ရေးကဏ္ဍကို အလုံးစုံ ထိန်းချုပ်နိုင်ရန်အတွက် အမေရိကန်နိုင်ငံသားပိုင် ဆက်သွယ်ရေး အက်ပလီကေးရှင်းတစ်ခုဖြစ်သည့် WhatsApp ကို ပိတ်ပင်ရန် အမိန့်ထုတ်ပြန်လိုက်သည်။ 

ယင်းလုပ်ရပ်သည် ရုရှားအသုံးပြုသူ သန်း ၁၀၀ ကျော်ကို အစိုးရမှ တိုက်ရိုက်စောင့်ကြည့်နိုင်သော “Max” အက်ပ်ဆီသို့ အတင်းအကျပ် ရွှေ့ပြောင်းစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း Whatsapp ပိုင်ရှင်ဖြစ်သည့် Meta က ဝေဖန်လိုက်သည်။ 

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စကော့ဗ်က WhatsApp အနေဖြင့် ရုရှားနိုင်ငံ၏ တည်ဆဲဥပဒေများကို လိုက်နာရန် ငြင်းဆန်ခြင်းကြောင့် ယခုကဲ့သို့ ပိတ်ပင်ရခြင်းဖြစ်ကြောင်း BBC သတင်းဌာနသို့ ပြောကြားခဲ့သည်။ 

ရုရှားအစိုးရ၏ စွပ်စွဲချက်အရ WhatsApp နှင့် Telegram တို့သည် အသုံးပြုသူများ၏ အချက်အလက် (Data) များကို ရုရှားနိုင်ငံအတွင်းရှိ ဆာဗာများ၌ သိမ်းဆည်းရန် ငြင်းဆန်နေကြခြင်းသည် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေသည်ဟု ဆိုသည်။

ရုရှားအစိုးရသည် ၎င်းတို့ကိုယ်တိုင် ထုတ်လုပ်ထားသည့် “Max” အက်ပ်ကို လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာစေရန် အသည်းအသန် တိုက်တွန်းလျက်ရှိသည်။ 

သို့သော် နည်းပညာကျွမ်းကျင်သူများနှင့် ဝေဖန်သူများကမူ “Max” အက်ပ်တွင် အစိုးရမှ ဖောက်ထွင်းကြည့်ရှုနိုင်သည့် အားနည်းချက်များ ရှိနေကြောင်း ထောက်ပြကြသည်။ 

ယင်းအက်ပ်သည် တရုတ်နိုင်ငံ၏ WeChat ကဲ့သို့ပင် လူထု၏ နေ့စဉ်ဘဝနှင့် ပြောဆိုဆက်သွယ်မှုများကို စောင့်ကြည့်စစ်ဆေးသည့် ကိရိယာတစ်ခု ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

အစိုးရ၏ အမိန့်အရ ၂၀၂၅ ခုနှစ်မှစတင်ကာ ရုရှားနိုင်ငံအတွင်း ရောင်းချသည့် မိုဘိုင်းလ်ဖုန်းအသစ်တိုင်းတွင် “Max” အက်ပ်ကို ကြိုတင်ထည့်သွင်းထားရမည် ဖြစ်သည်။ 

ထို့ပြင် အစိုးရဝန်ထမ်းများ၊ ဆရာများနှင့် ကျောင်းသားများကိုလည်း ယင်းအက်ပ်ကိုသာ အဓိကထား သုံးစွဲရန် ဖိအားပေးမှုများ ရှိနေသည်။ 

တစ်ဖက်တွင်လည်း ရုရှားစစ်တပ်နှင့် စစ်လိုလားသည့် ဘလော့ဂါများအကြား ရေပန်းစားသော Telegram ကိုလည်း လုံခြုံရေးအကြောင်းပြချက်ဖြင့် ကန့်သတ်မှုများ စတင်ပြုလုပ်လာသည်။ 

ယင်းအပေါ် Telegram အကြီးအကဲ Pavel Durov က လူထုကို နိုင်ငံရေးအရ ဆင်ဆာဖြတ်ရန် ကြိုးပမ်းမှုဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

ရုရှားအင်တာနက် ထိန်းချုပ်ရေးအဖွဲ့ (Roskomnadzor) သည် YouTube၊ Facebook၊ Instagram တို့အပြင် နိုင်ငံတကာ သတင်းဌာနများဖြစ်သည့် BBC နှင့် Deutsche Welle (DW) စသည့် ဝက်ဘ်ဆိုက်များကိုလည်း နိုင်ငံတော် အင်တာနက် လိပ်စာစာရင်းမှ ဖယ်ရှားလိုက်ပြီ ဖြစ်သည်။ 

ထိုသို့ လုပ်ဆောင်လိုက်ခြင်းကြောင့် ရုရှားပြည်သူများသည် ကျော်ခွရသည့် နည်းပညာ (VPN) များ မပါရှိဘဲ အဆိုပါ ဝက်ဘ်ဆိုက်များကို ဝင်ရောက်ကြည့်ရှုနိုင်ခြင်း မရှိတော့ဘဲ သတင်းအချက်အလက် ဖြတ်တောက်ခံရသည့် အခြေအနေသို့ ဆိုက်ရောက်သွားခဲ့သည်။

#Whatsapp