အမေရိကန်ကို ရောက်ရှိတာ တနှစ်ပြည့်ပြီးနောက် Green Card လျှောက်ထားခြင်း မရှိတဲ့ ဒုက္ခသည်တွေ ဖမ်းဆီးခြင်း ခံရနိုင်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်။
မြန်မာအပါအဝင် အမေရိကန်ရောက် ခိုလှုံခွင့် လျှောက်ထားတဲ့ ဒုက္ခသည်တွေဟာ Green Card လျှောက်ထားတာ မရှိသေးရင် အဖမ်းခံရနိုင်တဲ့ အခြေအနေ ကြုံတွေ့နေရပါတယ်။
အမေရိကန် အစိုးရရဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်တဲ့ မူဝါဒအသစ်ကြောင့် ဒုက္ခသည်အဖြစ် အမေရိကန်ကို ရောက်ရှိပြီး တစ်နှစ်ပြည့်တဲ့ အခါမှာ အမြဲတမ်းနေထိုင်ခွင့် Green Card မလျှောက်ထားရသေးရင် အဖမ်း ခံရနိုင်ပါတယ်။ ဒါမှမဟုတ် ရင်တော့ စစ်ဆေးမေးမြန်းခံဖို့ သက်ဆိုင်ရာဌာနကို ကိုယ်တိုင်သွားရောက် အစီရင်ခံရမယ် လို့ ဆိုပါတယ်။
ဒီမူဝါဒဟာ အထူးသဖြင့် ဂျိုး ဘိုင်ဒင်အစိုးရလက်ထက် က ရောက်ရှိလာတဲ့ ဒုက္ခသည်သောင်းနဲ့ချီအပေါ် သက်ရောက်မှုရှိနိုင်တယ်လို့ NRP သတင်းလွှာမှာ ဖော်ပြထားပါတယ်။
အစိုးရသစ်က အရင်အစိုးရလက်ထက်က ဝင်ခွင့်ပြုခဲ့တဲ့ ဒုက္ခသည်အားလုံးရဲ့ အခြေအနေကို ပြန်လည်စစ်ဆေး ဖို့ ဆုံးဖြတ်ထားတာကြောင့် သူတို့ရဲ့ တရားဝင်နေထိုင်ခွင့် အဆင့်အတန်း ဆုံးရှုံးနိုင်ခြေ ရှိနေပါတယ်။
အရင်က Green Card မလျှောက်ထားနိုင်သေးရုံနဲ့ ဒုက္ခသည်တွေကို ပြည်နှင်ဒဏ်ပေးတာမျိုး မရှိခဲ့ပါဘူး။ အခု မူဝါဒသစ်ကတော့ Green Card လျှောက်ထားဆဲ ကာလမှာတောင် လူဝင်မှုကြီးကြပ်ရေး အချုပ်ခန်းထဲ ထိန်းသိမ်းထားနိုင်တယ်လို့ ဆိုပါတယ်။
လူဝင်မှုကြီးကြပ်ရေးမှာ လိမ်လည်မှုတွေကို တားဆီးဖို့၊ အမျိုးသားလုံခြုံရေးအတွက် ပြန်လည်စစ်ဆေးဖို့နဲ့ ရာဇဝတ်မှုမှတ်တမ်း ရှိ၊ မရှိ စစ်ဆေးဖို့အတွက် ဒီလိုလုပ်ရတာဖြစ်တယ်လို့ အစိုးရက အကြောင်းပြပါတယ်။
ဒုက္ခသည် ကူညီစောင့်ရှောက်ရေး အဖွဲ့အစည်းတွေ (ဥပမာ- HIAS) ကတော့ ဒါဟာ တရားဝင်ရောက်ရှိနေသူတွေကို မတရားဖမ်းဆီးဖို့ ကြိုးပမ်းတာဖြစ်ပြီး၊ ဒုက္ခသည်တွေအပေါ် ကတိဖျက်တာဖြစ်တယ်လို့ ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။
မင်နီဆိုတာ (Minnesota) ပြည်နယ်မှာ ဒုက္ခသည်အချို့ကို စတင်ဖမ်းဆီးမှုတွေ ရှိခဲ့တာကြောင့် ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုမှုတွေ ဖြစ်ပွားနေပါတယ်။
တရားသူကြီးက အချို့သော ဖမ်းဆီးမှုတွေကို ယာယီရပ်တန့်ဖို့ အမိန့်ထုတ်ထားပေမယ့်၊ အစိုးရကတော့ ဒီမူဝါဒကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျင့်သုံးဖို့ ကြိုးစားနေပါတယ်။