ထားဝယ် စီးပွားရေး ဇုန်အနီး ကျေးရွာအတွင်း စစ်ကော်မရှင် လက်နက်ကြီးဖြင့် ပစ်ခတ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ ရက်။ 

ထားဝယ် အထူးစီးပွား‌ရေးဇုန် အနီးရှိ ကျေးရွာ တစ်ရွာအတွင်းသို့ စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ညအချိန်မတော် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ သဖြင့် ဒေသခံပြည်သူများ အထူးစိုးရိမ်ထိတ်လန့်နေကြသည်။

ထားဝယ်မြစ်၏ အရှေ့ဘက်ကမ်းတွင် အခြေစိုက်ထားသည့် စစ်ကော်မရှင်၏ အမြောက်တပ်ရင်း (အမတ – ၃၀၄) မှနေ၍ ရေဖြူမြို့နယ်ရှိ ရလိုင်ကျေးရွာဘက်သို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက် ည ၉ နာရီခွဲခန့်အချိန်တွင် လက်နက် ကြီးများဖြင့် လေးကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါ လက်နက်ကြီးကျည်များသည် ကျေးရွာအနီးဝန်းကျင်သို့ ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူနှင့် နေအိမ်ထိခိုက်ပျက်စီးမှုတော့ မရှိခဲ့ပေ။

ယခုကဲ့သို့ တိုက်ပွဲမရှိဘဲ ပစ်ခတ်ခံရသည့် အခြေအနေနှင့်ပတ်သက်၍ အသက် ၄၀ ခန့်အရွယ်ရှိ ရလိုင်ရွာသား တစ်ဦးက ယခုကဲ့သို့ ပြောသည်။

ဖေဖော်ဝါရီလအစတုန်းက စစ်တပ်က အိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီးကတည်းက တိုက်ပွဲမရှိဘဲနဲ့ လက် နက်ကြီးနဲ့ ပစ်ခတ်တာ ဒါဟာ ပထမဆုံးပါပဲ။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်အတွင်းက ရလိုင်ကျေးရွာနှင့် ထိစပ်နေသည့် ပုဂေါဇွန်းကျေးရွာအနီးတွင် စစ်ကော်မရှင်တပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ဖူးသည်။ 

ထိုစဉ်က တိုက်ပွဲအပြီးတွင် စစ်ကော်မရှင်တပ်က လက်တုံ့ပြန်သည့်အနေဖြင့် ရလိုင်ကျေးရွာအတွင်းရှိ နေအိမ် ၅၃ ဆောင်နှင့် သစ်တိုထောင့်ကျေးရွာမှ နေအိမ် ၅ ဆောင်တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

လက်ရှိတွင် အိမ်မီးရှို့ခံရသည့် ရွာသားအများစုမှာ ဘုန်းကြီးကျောင်းများနှင့် ဆွေမျိုးများအိမ်တွင် ခိုလှုံနေကြရ ပြီး၊ နေအိမ်တစ်စိတ်တစ်ပိုင်းသာ ပျက်စီးသူများမှာမူ မိမိတို့အစီအစဉ်ဖြင့် ပြန်လည်ပြုပြင်ကာ နေထိုင်နေကြ ရခြင်း ဖြစ်သည်။ 

ထိုသို့သော ဒုက္ခများကြားမှပင် ယခုကဲ့သို့ ညဘက်တွင် လက်နက်ကြီးများဖြင့် ထပ်မံခြိမ်းခြောက်ခံရခြင်းကြောင့် ဒေသခံများမှာ ညဘက်တွင် ကောင်းမွန်စွာ မအိပ်စက်ရဲဘဲ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရန် အမြဲပြင် ဆင်နေကြရသည်။

ထားဝယ် အထူးစီးပွားရေးဇုန် နယ်မြေအတွင်းတွင် စစ်ကော်မရှင်တပ်က လုံခြုံရေးအကြောင်းပြကာ စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် အရပ်သားနေအိမ်များကို မီးရှို့ခြင်းများ မကြာခဏ လုပ်ဆောင်လေ့ရှိရာ၊ ယခုလုပ်ရပ်မှာလည်း ဒေသခံများအား ကြောက်ရွံ့ထိတ်လန့်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်နေကြသည်။