ထားဝယ်ခရိုင်အတွင်း ကျေးရွာများကို လေကြောင်း၊ ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်။
ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာထက်မနည်းကို စစ်ကော်မရှင်တပ်က လေကြောင်း မှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အပြင် ပင်လယ်ပြင်ရှိ စစ်သင်္ဘောပေါ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံရွာသားများက ပြောသည်။
သရက်ချောင်းမြို့နယ်အတွင်းရှိ ချောက်ချောင်းကျေးရွာအနီးကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့၊ မွန်းတည့် ၁၂ နာရီခန့်အချိန်တွင် စစ်ကော်မရှင်၏ ဂျက်တိုက်လေယာဉ် တစ်စီးက ဗုံးနှစ်လုံး ကြဲချခဲ့ပြီးနောက် ချောင်းဝပြင်၊ ဂုံညင်းဆိပ်၊ စုံစင်ဖျားနှင့် ပြင်းဖြူသားကျေးရွာများကိုမူ Y-12 လေယာဉ်တစ်စီးက ဗုံး ၁၀ လုံးခန့် ထပ်မံကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှုများ သာမက ကနက်သီရိကျေးရွာအနီး ပင်လယ်ပြင်တွင် ဆိုက်ကပ်ထားသည့် ရေတပ် စစ်သင်္ဘောကလည်း ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း ဒေသခံ များက ပြောသည်။
မြေပြင်အခြေအနေနှင့် ပတ်သက်၍ အသက် ၅၀ ခန့်အရွယ်ရှိ ချောင်းဝပြင်ရွာသားတစ်ဦးက ယခုကဲ့သို့ ပြော သည်။
“စစ်ကောင်စီရဲ့ ကနက်သီရိရွာအနီး ပင်လယ်ပြင်မှ ရေတပ်စစ်သင်္ဘောဆီကလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေသေးတယ်၊ ဂျက်ဖိုက်တာနဲ့ Y-12 လေယာဉ်တွေနဲ့လည်း ရွာတွေကို ဗုံးကြဲနေတယ်။”
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုများအပြင် လေယာဉ်ပေါ်မှ စက်သေနတ်များဖြင့်လည်း လှည့်ပတ်ပစ်ခတ်ခဲ့ခြင်းကြောင့် ဒေသခံများမှာ ဘေးလွတ်ရာသို့ အပူတပြင်း ထွက်ပြေးတိမ်းရှောင်နေကြရသည်။ နေအိမ် အဆောက်အအုံများ နှင့် လူထိခိုက်မှုအခြေအနေ အသေးစိတ်ကိုမူ မသိရှိရသေးပေ။
ယခုကဲ့သို့ စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာရခြင်းမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့က သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ် လမ်းပိုင်းရှိ စစ်ကော်မရှင်၏ ဝင်းဝစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်နေကြသည်။
အဆိုပါ ဝင်းဝစခန်းသည် ပုလောမြို့နယ်၊ ပလောက်မြို့အနီးရှိ ဆင်ထိုးကြီးကျေးရွာအထိ မြိတ်-ထားဝယ် သွား သည့် အမှတ်(၈) ပြည်ထောင်စု လမ်းမကြီး တစ်လျှောက်တွင် စစ်ကော်မရှင်ဘက်က နောက်ဆုံးထိန်းချုပ်ထား နိုင်သည့် တစ်ခုတည်းသော စခန်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
လက်ရှိတွင် စစ်ကော်မရှင်တပ်ဘက်က လေကြောင်း၊ ရေကြောင်းပစ်ကူများ အပြင် မြေပြင်တွင်လည်း အင်အား ၂၀၀ ခန့်ပါဝင်သည့် ခြေလျင်စစ်ကြောင်းဖြင့် သရက်ချောင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသဖြင့် ဒေသတွင်းစစ်ရေးအခြေအနေမှာ ဆက်လက်တင်းမာနေဆဲဖြစ်သည်။