မက္ကဆီကို မူးယစ်ရာဇာ “El Mencho” သေဆုံးပြီး အရေးပေါ် အခြေအနေ ကြေညာထား
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်။
မက္ကဆီကိုနိုင်ငံ၏ သြဇာအကြီးဆုံး မူးယစ်ရာဇာတစ်ဦးဖြစ်သူ CJNG ဂိုဏ်းခေါင်းဆောင် “El Mencho” (ခေါ်) နီမက်စီယို ရူဘင် အိုစီဂူရာ ကာဗင်တီးစ်သည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် မက္ကဆီကိုစစ်တပ်၏ စီးနင်းမှုအတွင်း ရရှိခဲ့သော ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပါသည်။
၎င်းသေဆုံးမှုကြောင့် မက္ကဆီကိုနိုင်ငံအတွင်းရှိ Jalisco ပြည်နယ်အပါအဝင် နေရာအမြောက်အမြား၌ ၎င်း၏နောက်လိုက်များက ကားများကို မီးရှို့ခြင်းနှင့် လမ်းပိတ်ဆို့ခြင်းများ ပြုလုပ်ကာ အင်အားပြတုံ့ပြန်ခဲ့ကြပါသည်။
အခြေအနေများ ဆိုးရွားလာသဖြင့် ပြည်နယ်အစိုးရက အရေးပေါ်အခြေအနေ (Code Red) ကြေညာခဲ့ရပြီး အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးနှင့် လေကြောင်းခရီးစဉ်များကို ယာယီရပ်ဆိုင်းထားခဲ့ရပါသည်။
ရပ်ဆိုင်းထားသော လေကြောင်းလိုင်းများတွင် Delta, Southwest, Alaska နဲ့ Air Canada လေကြောင်းလိုင်းများ ပါဝင်သည်။
အမေရိကန်အစိုးရကမူ ဤမူးယစ်ရာဇာအား ဖမ်းဆီးရန် ဒေါ်လာ ၁၅ သန်း ဆုကြေးထုတ်ထားခဲ့ပြီး ၎င်း၏သေဆုံးမှုသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ကောင်းမွန်သော တိုးတက်မှုဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါသည်။
လက်ရှိတွင် ဒေသခံပြည်သူများအား အပြင်မထွက်ရန်နှင့် ဘေးကင်းရာ၌ ခိုလှုံနေကြရန် အာဏာပိုင်များက သတိပေးနှိုးဆော်ထားပါသည်။