ဗြိတိန်အကယ်ဒမီ (BAFTA) ဆုပေးပွဲသတင်းထုတ်လွှင့်မှုအတွင်းလူမျိုးရေးစော်ကားသည့် အော်ဟစ်သံများ ပါဝင်ခဲ့မှုအပေါ် BBC တောင်းပန်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်။ 

ဗြိတိန်နိုင်ငံ၏ အမြင့်ဆုံး အကယ်ဒမီ ရုပ်ရှင်ထူးချွန်ဆုပေးပွဲဖြစ်သော BAFTA ဆုပေးပွဲ ထုတ်လွှင့်မှုအတွင်း လူမျိုးရေးခွဲခြားစော်ကားသည့် အသုံးအနှုန်းများ ပါဝင်သွားခဲ့ခြင်းနှင့် ပတ်သက်၍ BBC သတင်းဌာနက တရားဝင် ပြန်လည်တောင်းပန်ခဲ့သည်။

ဆုပေးပွဲအခမ်းအနားတွင် လူမည်းမင်းသားများဖြစ်ကြသော မိုက်ကယ် ဘီ ဂျော်ဒန် (Michael B. Jordan) နှင့် ဒယ်လ်ရွိုင်း လင်ဒို (Delroy Lindo) တို့က စင်မြင့်ပေါ်၌ ပထမဆုံးဆုကို ပေးအပ်နေစဉ်အတွင်း၊ ဧည့်သည်တော်အဖြစ် တက်ရောက်လာသူ ဂျွန် ဒေဗစ်ဆင် (John Davidson) က လူမျိုးရေးစော်ကားသည့် စကားလုံးများကို အော်ဟစ်ခဲ့ခြင်း ဖြစ်ပါသည်။ 

ဂျွန် ဒေဗစ်ဆင်သည် မိမိကိုယ်တိုင် မထိန်းချုပ်နိုင်ဘဲ အကြောဆွဲခြင်းနှင့် အသံများထွက်ပေါ်ခြင်း ဖြစ်တတ်သည့် တောင်းရက်ဝေဒနာစု (Tourette’s Syndrome) ခံစားနေရသူ တစ်ဦးဖြစ်ပါသည်။

အဆိုပါ အခမ်းအနားကို တိုက်ရိုက်ထုတ်လွှင့်ခြင်းမဟုတ်ဘဲ ၂ နာရီခန့် နောက်ကျ၍ ထုတ်လွှင့်ခဲ့ခြင်းဖြစ်သော်လည်း BBC အနေဖြင့် အဆိုပါ စော်ကားသည့် အော်ဟစ်သံများကို တည်းဖြတ်ဖြတ်တောက်ခြင်း (Edit) မပြုလုပ်ဘဲ ထုတ်လွှင့်ခဲ့မိပါသည်။ 

ထို့အပြင် တနင်္လာနေ့နံနက်ပိုင်းအထိ BBC iPlayer အွန်လိုင်းပလပ်ဖောင်းပေါ်၌ အဆိုပါအတိုင်း ဆက်လက်ရှိနေခဲ့ခြင်းကြောင့် ပြင်းထန်သော ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ 

နောက်ပိုင်းတွင် BBC က အဆိုပါဖြစ်ရပ်အတွက် တောင်းပန်ခဲ့ပြီး iPlayer ပေါ်ရှိ ဗီဒီယိုကိုလည်း ပြန်လည်ပြင်ဆင်ခဲ့သည်။

ဆုပေးအပ်သည့် မင်းသားနှစ်ဦးစလုံးသည် အဆိုပါအခြေအနေကို တည်ငြိမ်စွာဖြင့် ကျော်ဖြတ်နိုင်ခဲ့သော်လည်း မင်းသား ဒယ်လ်ရွိုင်း လင်ဒိုက BAFTA အဖွဲ့အစည်းအနေဖြင့် ၎င်းတို့အား နောက်ပိုင်းတွင် လာရောက်ရှင်းပြခြင်း သို့မဟုတ် စကားပြောဆိုခြင်း မရှိခဲ့သည့်အပေါ် စိတ်မကောင်းဖြစ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 

ထို့အတူ အခမ်းအနားတက်ရောက်လာသူ အနုပညာရှင်များဖြစ်ကြသော ဂျေမီ ဖောက်စ် (Jamie Foxx) နှင့် ဝန်ဒဲလ် ပီးယားစ် (Wendell Pierce) တို့ကလည်း ထိုသို့အော်ဟစ်မှုသည် မည်သည့်အကြောင်းပြချက်ဖြင့်မဆို လက်ခံနိုင်စရာမရှိကြောင်းနှင့် ကာယကံရှင် မင်းသားနှစ်ဦးကို အပြည့်အဝ တောင်းပန်သင့်ကြောင်း ဝေဖန်ခဲ့ကြသည်။

BAFTA အဖွဲ့အစည်းက ဖြစ်ပွားခဲ့သော အခြေအနေအရပ်ရပ်အတွက် အပြည့်အဝ တာဝန်ယူကြောင်းနှင့် ထိခိုက်နစ်နာခဲ့သူအားလုံးကို အနူးအညွတ် တောင်းပန်ကြောင်း ထုတ်ပြန်ခဲ့သည်။ 

တစ်ဖက်တွင်လည်း အဆိုပါဆုပေးပွဲ၌ပင် ဆုရဒါရိုက်တာ အကီနိုလာ ဒေးဗီးစ် ဂျူနီယာ (Akinola Davies Jr) ၏ ပါလက်စတိုင်းလွတ်လပ်ရေး “Free Palestine” ဟု ထည့်သွင်းပြောကြားခဲ့သည့် မိန့်ခွန်းအပိုင်းကိုမူ အချိန်အကန့်အသတ်ကြောင့်ဟုဆိုကာ BBC က ဖြတ်တောက်ခဲ့ပြန်သဖြင့် သတင်းဌာန၏ ဘက်လိုက်မှုနှင့် တည်းဖြတ်မှုစံနှုန်းများအပေါ် ဝေဖန်မှုများ ထပ်မံထွက်ပေါ်လျက် ရှိသည်။