အီရန် တက္ကသိုလ်ကျောင်းသားများအကြား ဆန္ဒပြပွဲများ ပြန်လည် ကျယ်ပြန့်လာ 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်။ 

အီရန်အစိုးရက ရာသီဥတု အေးမြမှုကို အကြောင်းပြ၍ ဇန်နဝါရီလဆန်းမှစတင်ကာ ပိတ်ထားခဲ့သော တက္ကသိုလ်များကို စနေနေ့တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီးနောက် ကျောင်းသားထု၏ အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများ တစ်ကျော့ပြန် ပြင်းထန်လာခဲ့သည်။ 

ဤဆန္ဒပြပွဲများသည် ဇန်နဝါရီလအတွင်းက အစိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုများနောက်ပိုင်း ပထမဆုံးအကြိမ် ပေါ်ပေါက်လာသည့် အကြီးစားလှုပ်ရှားမှုများ ဖြစ်သည်။

မြို့တော်တီဟီရန်ရှိ အမျိုးသမီးသီးသန့် Al-Zahra တက္ကသိုလ် အပါအဝင် အဓိကမြို့ကြီးများတွင် ကျောင်းသားများက လက်ရှိ အစ္စလာမ္မစ်သမ္မတနိုင်ငံတော်အလံကို မီးရှို့ဖျက်ဆီးကြသလို၊ ၁၉၇၉ တော်လှန်ရေးမတိုင်မီ သျှားဘုရင် လက်ထက်က အသုံးပြုခဲ့သော “ခြင်္သေ့နှင့် နေမင်း” ပါ အလံများကို ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြသည်။ 

ထို့အပြင် ၂၀၂၂ ခုနှစ်ကတည်းက စတင်ခဲ့သော “အမျိုးသမီး၊ ဘဝ၊ လွတ်လပ်မှု” (Woman, Life, Freedom) ဟူသော ကြွေးကြော်သံများလည်း ပြန်လည်ထွက်ပေါ်လာခဲ့သည်။ 

တက္ကသိုလ်ဝင်းအတွင်း ဆန္ဒပြကျောင်းသားများနှင့် အစိုးရကျောထောက်နောက်ခံပြု Basij လက်နက်ကိုင်များအကြား ထိပ်တိုက်တွေ့ဆုံမှုများ ရှိနေသည်။ 

တစ်ဖက်တွင်လည်း အစိုးရလိုလားသည့် ကျောင်းသားအုပ်စုများက အမေရိကန်နှင့် အစ္စရေးအလံများကို မီးရှို့ကာ တန်ပြန်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။